အီရန်အမျိုးသမီးမာဆာ အာမီနီကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားရာမှ သေဆုံးသွားခဲ့ရာကနေ ဖြစ်ပေါ်လာတဲ့ အီရန်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ တစည်းတလုံးတည်း ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီး ဟတ်ဒ်ဂျာလာဘစ်နဲ့ တခြားလွှတ်တော်အမတ် နှစ်ယောက်တို့ဟာ ပါလီမန်မှာ သူတို့ရဲ့ဆံပင်တွေကို ညှပ်ချပြခဲ့ပါတယ်။
အီရန်နိုင်ငံအတွင်း ပျံ့နှံ့နေတဲ့ ဆန္ဒပြပွဲတွေကို ဖြိုခွင်းမှုအပေါ် ဘယ်လ်ဂျီယံရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်လို့ လွှတ်တော်မှာ ဝန်ကြီးကို မေးမြန်းပြီးနောက်မှာ အီရန်နိုင်ငံဖွား ဘလ်ဂျီယံ လွှတ်တော်အမတ် ဒါယာဆာဖိုင်ဟာ သူ့ဆံပင်တွေကို ကပ်ကြေးနဲ့ ထိုးညှပ်ပြလိုက်တာကြောင့် တခြားလွှတ်တော်ကိုယ်စားလှယ်တွေက လက်ခုပ်ဩဘာ ပေးခဲ့ပါတယ်။
ဒီနောက် အယ်လ်ဂျီးရီးယားမိဘနှစ်ပါးကနေ ဘယ်လ်ဂျီယံမှာ မွေးဖွားခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး ဟတ်ဒ်ဂျာလာဘစ်ကလည်း အောက်တိုဘာ ၆ ရက်မှာ သူ့ရဲ့ စည်းထားတဲ့ဆံပင်ကို ဖြတ်ချပစ်ခဲ့ပါတယ်။ တတိယ တယောက်ဖြစ်တဲ့ လွှတ်တော်အမတ် ဂိုးဒီလီလီကန်းစ်ကလည်း ဆံပင်ညှပ်ချပစ်ပြခဲ့ပါတယ်။
ဒီအီရန်ဆန္ဒပြပွဲ ဖြိုခွင်းမှုကို ဖန်တီးသူတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ နိုင်ငံခြားရေးဝန်ကြီးဟာ ဒီလနှောင်းပိုင်းမှာ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံတဲ့အခါ သူ့အစိုးရအနေနဲ့ တောင်းဆိုမှာဖြစ်ကြောင်း လွှတ်တော်ကို ပြောခဲ့ပါတယ်။
အီရန်ရဲ့ ဘာသာရေးဆရာတွေဟာ အာမီနီ သေဆုံးပြီးနောက်ပိုင်း နှစ်ပေါင်းများစွာအတွင်း အကျယ်ပြန့်ဆုံးသော မငြိမ်မသက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲဝင်နေပြီး ဆန္ဒပြမှုတွေဟာ လန်ဒန်၊ ပါရီ၊ ရောမနဲ့ မက်ဒရစ်တို့ အပါအဝင် နိုင်ငံရပ်ခြားမြို့ကြီးတွေမှာပါ ပျံ့နှံ့ခဲ့တာပါ။
ဗုဒ္ဓဟူးနေ့တုန်းက ဥရောပပါလီမန်ဆိုင်ရာ ဆွီဒင်အမတ် အဘီရာအယ်လ်ရှာလာနီဟာ လည်း အီးယူ အစည်းအဝေးပွဲမှာ မိန့်ခွန်းပြောနေတဲ့အတောအတွင်း သူ့ရဲ့ဆံပင်တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ပြခဲ့ပါသေးတယ်။
ဆူဒန်လုံခြုံရေးတပ်တွေဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့အနေနဲ့ ချီတက်နေတဲ့ မြို့တော်ခါတွန်က ဆန္ဒပြသူတွေကို ဇန်နဝါရီ ၁၃ ရက်က မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။
ဒါကြောင့် ရုန်းရင်းဆန်ခတ်မှုတွေအတွင်း ဆန္ဒပြသူတယောက်နဲ့ ရဲအရာရှိတယောက် သေဆုံးတယ်လို့ ဆရာဝန်တွေနဲ့ ရဲတွေက ပြောပါတယ်။
ဆူဒန်နိုင်ငံမှာ အရပ်သားတွေနဲ့ စစ်တပ်တို့ အာဏာမျှဝေယူထားတဲ့ အစီအစဉ် အဆုံးသတ်ခဲ့တဲ့ အောက်တိုဘာ ၂၅ ရက် စစ်အာဏာသိမ်းမှုပြီးတည်းက အရပ်သားအုပ်ချုပ်ရေးကို ပြန်ရဖို့ တောင်းဆိုနေတဲ့ လူအုပ်ကြီးတွေကို လမ်းတွေပေါ်မှာ ပုံမှန်တွေ့ရတာပါ။
ကြာသပတေးနေ့က သမ္မတ နန်းတော်ဆီကို ချီတက်ဖို့ ကြိုးစားနေတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သေနတ်တွေ၊ မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ပါတယ်။
အဲဒီအချိန်မှာ ဆန္ဒပြသူတယောက်က ဗိုလ်မှူးချုပ် တယောက်ကို ဓားနဲ့ အသေ ထိုးသတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။
အနားက ဘာရီမြို့မှာလည်း သေနတ်နဲ့ပစ်ခံရလို့ ဆန္ဒပြသူ တယောက် သေဆုံးတယ်လို့ ဆရာဝန် တယောက်က ပြောပါတယ်။
မြို့တော် ခါတွန်နဲ့ အိမ်နီးချင်းမြို့တွေမှာ သေနတ်ဒဏ်ရာတွေနဲ့ တခြားဒဏ်ရာတွေအတွက် ဒါဇင်ချီတဲ့ ဆန္ဒပြသူတွေကို ဆေးကုပေးခဲ့ရတယ်လို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။