close

ဆန့်ကျင်ရေးအဖွဲ့ခေါင်းဆောင်

close

May 7, 2023

ဗြိတိန်တွင် ဘုရင်စနစ်ဆန့်ကျင်ရေးအဖွဲ့ခေါင်းဆောင်ဖမ်းဆီးခံရ

ဗြိတိန်ဘုရင် ချားလ်စ်ရဲ့  နန်းတက်ပွဲမတိုင်ခင် ရဲလုပ်ငန်းစဉ်အတွင်း မေလ ၆ ရက်၊ စနေနေ့က ဘုရင်စနစ် ဆန့်ကျင်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ရီပတ်ဗလစ်ခေါင်းဆောင်ဖြစ်သူ ဂရေဟမ်စမစ် အပါအဝင် တခြားလူပုဂ္ဂိုလ်တွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုနဲ့ ဓာတ်ပုံတွေထဲမှာတော့ စမစ်နဲ့ နောက်ထပ်ဆန္ဒပြသူတစ်ဦးကို "ငါ့ဘုရင်မဟုတ်ဘူး"လို့ ရေးသားထားတဲ့ လက်ကိုင်ကတ်ပြားတွေနဲ့ အတူတွေ့ရပါတယ်။

လန်ဒန်ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်တဲ့ မာ့ခ်ရောင်းလီကတော့ နန်းတက်ပွဲမှာ အနှောင့်အယှက်ပေးမှုတွေကို သိပ်သည်းခံမှာ မဟုတ်ဘူးဆိုပြီး မေလ ၅ ရက်၊ သောကြာနေ့တုန်း က သတိပေးခဲ့ပါတယ်။

လန်ဒန်မြို့လည်ခေါင်မှာ ကင်းလှည့်နေတဲ့ ရဲအရာရှိပေါင်း ၁၁၀၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

ရဲတပ်ဖွဲ့က စမစ်ကို ဖမ်းဆီးခဲ့တဲ့အပေါ်မှာ အတည်ပြုခြင်း မရှိသေးပါဘူး။ ဒါပေမဲ့လည်း ဗြိတိန်ပြည်သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုတဲ့ သံသယနဲ့ လူ ၄ ဦးကို ဖမ်းဆီးခဲ့တဲ့အပြင် ရာဇဝတ်မှုအရ အန္တရာယ်ရှိနိုင်တဲ့ ပစ္စည်းကိုင်ဆောင်မှုအတွက် နောက်ထပ်သံသယရှိသူ ၃ ဦးကို ဖမ်းဆီးခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့က တွစ်တာပေါ်မှာ အတည်ပြုပါတယ်။

ဒီတစ်ရက်တည်းမှာပဲ ဗြိတိန်နိုင်ငံရဲ့ ရီပတ်ဗလစ်အဖွဲ့ဝင်တွေနဲ့ ဘုရင်စနစ်ဆန့်ကျင်မှုအပေါ် ထောက်ခံသူတွေက နန်းတက်ပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ ဆန္ဒပြခဲ့ကြပါတယ်။

ချားလ်ရဲ့  ထီးနန်းဆက်ခံပွဲဟာ ဘုရင်စနစ်ကို အဆုံးသတ်နိုင်ဖို့ အကောင်းဆုံး အခွင့်အလမ်း ဖြစ်တယ်လို့ ယုံကြည်နေကြတာဖြစ်ပြီး ဗြိတိန်ဘုရင်စနစ်ရဲ့ သမိုင်းကြောင်းအရဆိုရင်လည်း  နှစ်ပေါင်း ၁၀၀၀ ကျော် ရှိပြီဖြစ်ပါတယ်။

၁၆၄၉ ခုနှစ်မှာ ခေါင်းဖြတ်သတ်ခံခဲ့ရတဲ့ ပထမမြောက် ချားလ်စ်ဘုရင်ရဲ့ ရုပ်တုဘေးရှိ စီတန်းလှည့်လည်ရာ ထရာဖယ်ဂါရင်ပြင်မှာ ဆန့်ကျင်ဆန္ဒပြသူတွေက အဓိကစုဝေးခဲ့ကြတာ ဖြစ်ပါတယ်။

2 mins Ago
Up