ပီရူးနိုင်ငံမြို့တော် လီမာက ဆန္ဒပြပွဲတွေအတွင်း အစိုးရဆန့်ကျင်သူတွေနဲ့ ရဲတပ်ဖွဲ့အကြား ဖေဖော်ဝါရီ ၉ ရက်ညပိုင်းမှာ ရုန်းရင်းဆန်ခတ် ထပ်မံဖြစ်ပွားခဲ့ကြပါတယ်။
သမ္မတဟောင်း ပီဒရိုကတ်စတီလို ဖြုတ်ချခံရမှုကြောင့် နိုင်ငံတဝန်းမှာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာ ၂ လတာ ကြာမြင့် နေပါပြီ။
ဆန္ဒပြသူတွေက ကတ်စတီလို လွတ်မြောက်ရေးနဲ့ ကတ်စတီလိုနေရာမှာ ဆက်ခံခဲ့တဲ့ လက်ရှိသမ္မတ ဒီနာဘိုလူအာတာ နုတ်ထွက်ရေးအပြင် ကွန်ဂရက်လွှတ်တော်ကိုပါ ရပ်နားဖို့ တောင်းဆိုနေကြတာပါ။
နိုင်ငံတောင်ပိုင်း ဟူလီယာကာမြို့က ဆန္ဒပြသူတွေဟာလည်း ဒီမြို့မှာ လူ ၁၉ ဦး သေဆုံးခဲ့ရတဲ့ အဓိကရုဏ်းဖြစ်ရပ်တွေ တစ်လပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ လမ်းတွေ ပေါ်တက်ကာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေရဲ့ လမ်းပိတ်ဆို့မှုဒဏ် ခံရတဲ့ ပီရူးပြည်သူတွေအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ ပေးပို့ဖို့ စစ်တပ်က ပြင်ဆင်ခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဟိုဟေး ချာဗက်စ်က ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ နိုင်ငံရဲ့အကျိုးစီးပွားကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်မယ်ဆိုတာမျိုး နှလုံးသွင်းထားဖို့ လွှတ်တော်ကို တောင်းဆိုခဲ့ပါတယ်။
ဒီနာဘိုလူအာတာရဲ့ ဖိအားပေးမှုတွေ ရှိနေပေမယ့် ကွန်ဂရက်လွှတ်တော်ကလည်း ရွေးကောက်ပွဲ ကို ရှေ့တိုးကျင်းပဖို့ သဘောတူညီမှု မရနိုင်ဘဲ ပျက်ကွက်နေဆဲဖြစ်ပါတယ်။