ကိုလံဘီယာ အစိုးရဟာ ဆန္ဒပြ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ တံခါးဖွင့်ထားမှာ ဖြစ်ပြီး ငြိမ်းချမ်းရေးလိုလားတဲ့ ဆောင်ရွက်ချက်တွေကို လေးစားလိုက်နာမှာဖြစ်ပေမဲ့ ဆန္ဒပြသူတွေက လက်သရမ်း ဖျက်ဆီးတာတွေ အကြမ်းဖက်တာတွေအဖြစ် အသွင်ပြောင်းသွားခဲ့ရင်တော့ တင်းကျပ်တဲ့ တရားရေးအာမခံချက်တွေနဲ့အတူ ခိုင်ခိုင်မာမာ ဆက်ဆံသွားမယ်လို့ ကိုလံဘီယာ သမ္မတအကြံပေးက ဇွန် ၂၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။
လှုပ်ရှားမှုဖြစ်ရတဲ့ စီးပွားရေး၊ လူမှုရေး တောင်းဆိုချက်တွေကို အစိုးရ ဒါမှမဟုတ် အောက်လွှတ်တော်က ပြင်ဆင်မပေးရင် ဒုတိယနှစ်ဝက်မှာ ဆန္ဒပြပွဲတွေ ပိုပြင်းထန်လာမယ်လို့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ခေါင်းဆောင်တယောက်က အရင်အပတ်က ကြေညာခဲ့တာပါ။
ညှိနှိုင်းဆွေးနွေးရေး တာဝန်ခံနဲ့ တည်ငြိမ်စည်းလုံးရေးအတွက် သမ္မတရဲ့အကြံပေး အာချီလာကတော့ “လမ်းတွေပိတ်ဆို့ထားလို့ မရဘူး။ ဒါဟာ ငြိမ်းချမ်းရေး လိုလားတဲ့ ဆန္ဒပြမှု မဟုတ်ဘူး” လို့ ပြောပါတယ်။
သမ္မတ အိုင်ဗန်ဒူကေး အစိုးရဟာ ဆန္ဒပြသူတွေရဲ့ စကားကို တက်တက်ကြွကြွ နားထောင် နေတယ်လို့လည်း သူက ပြောပါတယ်။
လက်သရမ်း ဖျက်ဆီးမှု ဟန့်တားရေး တာဝန်ခံဖြစ်တဲ့ အမျိုးသားရဲတပ်ဖွဲ့ဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာရင်း အတင်းကျပ်ဆုံး ဥပဒေကန့်သတ်ချက်ဘောင်အရ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း အာချီလာက ပြောပါတယ်။
ဆင်းရဲတဲ့မိသားစုတွေအတွက် အခြေခံဝင်ငွေ၊ ပညာရေးနဲ့ လူငယ်တွေအတွက် အလုပ်အကိုင်အပြင် ရဲတွေရဲ့ ရက်စက်မှုတွေ အဆုံးသတ်ရေးကို ဆန္ဒပြသူတွေက တောင်းဆိုထားပါတယ်။
ဆန္ဒပြပွဲတွေအတွင်း လူ ၂၄ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် သေဆုံးသူ ၁၁ ယောက်က ဆန္ဒပြပွဲနဲ့ ပတ်သက်သလားဆိုတာ အတည်ပြုဖို့ ကြိုးစားနေတယ်လို့ ရှေ့နေချုပ်က အတည်ပြု ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ သေဆုံးသူ အရေအတွက် ဒီထက် ပိုများတယ်လို့ ပြောပါတယ်။ ဆန္ဒပြပွဲ ဖြိုခွင်းမှုတွေကြောင့် အစိုးရဟာ ကုလသမဂ္ဂရဲ့ ဝေဖန် ပြစ်တင်မှုကို ခံခဲ့ရပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မေလ ၂၇ ရက်နေ့က ပထမအကြိမ်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့ဧပြီ ၁၅ ရက်နေ့က သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဆိုင်ကယ်စီးလာစဉ် အကြမ်းဖက်စစ်အုပ်က အိမ်စီးကားနဲ့တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
မုံရွာပင်မသပိတ်အဖွဲ့ဝင်တစ်ဦးက “ဒီကနေ့မှာ ဝေမိုးနိုင်ကို ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ သူ့ကို ဖမ်းဆီးရိုက်ခံထားတဲ့ ဒဏ်ရာများ သက်သာတာတွေ့ရတယ်။ ရုံးထုတ်လို့အပြီးမှာ အရေးတော်ပုံအောင်ရမည်ဟု လက်သုံးချောင်းထောင်ပြသွားခဲ့တယ်။ အခုချိန်ထိ မိသားစုနဲ့တွေ့ခွင့်မရသးဘူး။ ဒီနေ့ရုံးထုတ်ချိန်လည်း သူမိသားစုက အပြင်ကနေပဲ တွေ့ လိုက်ရတယ်။ နောက်ရုံးချိန်းကတော့ ဘယ်နေ့ဆိုတာမသိရသေးဘူး။ အခုရုံးထုတ်စစ်ဆေးတာက ၅၀၅(က)အမှုကိုပဲ စစ်ဆေးခဲ့တယ်” လို့ ပြောပါတယ်။
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မများစွာနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။