close

ဆန္ဒပြလူငယ်များ

close

September 14, 2022

ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲမှ လူငယ် ၂၀ ကျော်ကို စစ်တပ်က ပစ်ခတ်ဖမ်းဆီး

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းမြောက်/အရှေ့ရပ်ကွက် ပန်းပင်ကြီးလမ်းမှာ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက ဆန္ဒပြလူငယ် ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ညနေပိုင်းက ဆန္ဒပြလူငယ်တွေဟာ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးရပ်တည်ဖို့ ဆန္ဒထုတ်ဖော်နေချိန်မှာ စစ်ကောင်စီတပ်က အိမ်စီးကားတွေနဲ့ လာရောက်ဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဆန္ဒပြဖို့လုပ်နေတုန်းပဲ ရှိသေးတယ်၊ ဝင်ဖမ်းတာ။ ပစ်ခတ်မှုတွေလည်းရှိတယ်။ မိန်းကလေးတွေရော ယောကျ်ားလေးတွေပါ အဖမ်းခံရတာ။ ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့ ကောင်လေးတွေလည်း ပါတယ်။ သတင်းထောက်တွေနဲ့တူတယ်။”

မနေ့ညနေပိုင်းက ဖမ်းဆီးခံရသူတွေထဲမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး (အကလ-ဗဟို)၊ Myanmar Labour Alliance၊ ဗမာ့လူငယ်ကွန်ရက်၊ ပညာနန်းတော် ကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ သတင်းထောက်တချို့ ပါဝင်တယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။

“အရှေ့ပိုင်းသမဂ္ဂရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုမင်းသူရိန်လည်း အဖမ်းခံရတယ်။ ၁၅ ယောက်လည်း အဆက်အသွယ်မရဘဲ ဖြစ်နေတယ်။”

ဆန္ဒပြလူငယ်တွေဟာ စာတန်းပါပိတ်စတွေ၊ ရောင်စုံမီးခိုးဗုံးတွေ ကိုင်ဆောင်ဆန္ဒပြနေတုန်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရသူဦးရေ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ညနေကမိတာနဲ့ ညပိုင်း ထပ်ဖမ်းရင်တော့ နှစ်ဆယ်ကျော်မယ်၊ စာရင်းကိုတော့ ဘယ်သူမှ ပြောမှာမဟုတ်ဘူး။ ဖမ်းမိတဲ့ကလေးတွေကို စခန်းမှာမထားဘူး၊ စစ်ကြောရေးပို့မှာ။ အဲ့မှာ စစ်ပြီးမှ ဖမ်းမိတဲ့မြို့နယ်မှာ အမှုဖွင့်ပြီး တရားရုံးတင်မှာ။”

လတ်တလောမှာ စစ်ကောင်စီက ဆန္ဒပြလူငယ်တွေကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူဦးရေကို ဒီဗွီဘီ သတင်းဌာနအနေနဲ့ သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်ကလည်း ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းမှာ ရန်ကုန်လူထုသပိတ်ကို စစ်ကောင်စီတပ်က ကားနဲ့ဝင်တိုက်ကာ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့လို့ ဆန္ဒပြလူငယ်တချို့ သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရကာ ၁၅ ယောက်အထိ ဖမ်းဆီးခံရပါတယ်။

11 mins Ago

March 4, 2022

စစ်ခေါင်းဆောင်ကို စိန်ခေါ်ဆန္ဒထုတ်ဖော်ခဲ့သည့် ပြည်မြို့က လူငယ်အချို့ ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ပြည်မြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို  “သတ္တိရှိရင်လက်နက်မပါပဲလာခဲ့” ဆိုပြီး  စိန်ခေါ်တဲ့ ပိုစတာချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့တဲ့  လူငယ်တချို့ကို စစ်ကောင်စီက လိုက်လံ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခုရက်ပိုင်းမှာ ယတြာချေဖို့ ပြည်မြို့ကိုလာဖို့ရှိတဲ့အတွက် သူ့ကို ပြည်မြို့က မကြိုဆိုဘူး၊ သတ္တိရှိရင်လက်နက်မပါပဲလာခဲ့ စတဲ့ ပိုစတာဆိုင်းဘုတ်တွေကို  ပြည်မြို့က လူငယ်တွေ မတ်လ ၄ ရက် ဒီကနေ့ မြို့လယ်ကောင်နေရာတွေမှာ လိုက်လံချိတ်ဆွဲခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကြောင့် လူငယ်တချို့ကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေရာမှာ အနည်းဆုံး လူငယ် ၃ ယောက်လောက် ဒလန်ရဲ့ သတင်းပေးမှုကြောင့် ဖမ်ဆီးခံရတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ရွှေဟင်္သာအနောက်ပေါက်ဘက်မှာ ခဏလာနေတဲ့ လူငယ် ၃ ယောက်ကို လာဖမ်းတာ နာမည်စာရင်းနဲ့  ဒလန်က သတင်းပေးလိုက်တာ၊ တယောက် လွတ်သွားတယ်။ ၂ ယောက် အဖမ်းခံ လိုက်ရတယ်။ နောက် ဆင်ဆုရပ်ကွက်ထဲက မိန်းကလေးတယောက်ကိုလည်း လာဖမ်းသွားတယ်။ စုစုပေါင်း ၃ ယောက်တော့ ကြားထားတယ်။ ထပ်တော့ဖမ်းသေးတယ် ထင်တယ်၊ ကိုးသောင်း အ.မ.က ကျောင်းနဲ့ အ.ထ.က (၄) အနားမှာလည်း ဖုန်းထဲက ဓာတ်ပုံနဲ့တိုက်ပြီး လူရှာနေတာတွေ အနားက လက်ဖက်ရည်ဆိုင်တွေထဲအထိဝင်ရှာနေတာလဲတွေ့ရတယ်။ ထပ်မိ၊ မမိတော့ မသိရသေးဘူး။”

စစ်ခေါင်းဆောင် လာမယ်ဆိုတာကြောင့်  ပြည်မြို့က လမ်းမကြီးတွေကို ရေနဲ့လိုက်ဖျန်းတာတွေ၊ ဆေးသုတ်တာတွေကို စည်ပင်သာယာရေးအဖွဲ့ကလိုက်လုပ်နေပြီး ပြည်လေယာဉ်ကွင်းကိုလည်း အစောင့်ထူထပ်စွာချထားကာ နေရာအနှံ့  စစ်ဆေးနေတယ်လို့ သိရပါတယ်။

6 months Ago
Up