ဆွီဒင်နိုင်ငံ နော်ကိုပင်ဒေသမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်အပြီး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်လိုက်တဲ့ ကျည်ဆန်ထိမှန်လို့ လူ ၃ ယောက် ဒဏ်ရာရပြီး အသက်ဘေး မစိုးရိမ်ရဘူးလို့ ရဲက ကြေညာချက် ထုတ်ပြန်ပါတယ်။
နော်ကိုပင်ဒေသက နာဗက်စတဒ်မြို့မှာ ဆန္ဒပြသူတွေက ပစ္စည်းတွေနဲ့ ရဲတွေ ကားတွေကို ပစ်ပေါက်နေပုံ ရုပ်သံကို လူမှုကွန်ရက်ပေါ်မှာ ဧပြီ ၁၇ ရက်က တွေ့ရပါတယ်။
လမ်းပေါ်မှာ မီးလောင်နေတဲ့ ပစ္စည်းတွေ ချထားတဲ့ လူနေရပ်ကွက်ထဲကို ဖြတ်ပြီး ရဲတွေက ကားကို အရှိန်မြှင့်မောင်းနေပုံကိုလည်း တွေ့ရပါတယ်။
ဒိန်းမတ် လက်ယာစွန်း နိုင်ငံရေးပါတီ အမာခံခေါင်းဆောင် ရက်စ်မတ်စ် ပါလူဒန် စီစဉ်တဲ့ ဆန္ဒပြပွဲအပြီး ဧပြီ ၁၄ ရက်ကစပြီး အကြမ်းဖက်လာခဲ့တာပါ။
ပါလူဒန်ဟာ ကိုရမ်ကျမ်းစာကို မီးရှို့မှုတွေအတွက် လူသိများပြီး အီစတာ အားလပ်ရက်အတွင်း ဆွီဒင်နိုင်ငံတဝန်း ဆန္ဒပြခွင့်ရထားတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။