close

ဆန္ဒပြသူများ

close

August 4, 2022

တောင်ဒဂုံတွင် ဖမ်းမိသည့် ဂျပန်သတင်းထောက်ကို စစ်ကောင်စီက ပုဒ်မသုံးခုဖြင့် အမှုဖွင့်

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်  ၁၉ ရပ်ကွက် မြိတ်လမ်းမပေါ်မှာ ဇူလိုင် ၃၀ ရက်ညနေပိုင်းက  စစ်ကောင်စီတပ်တွေ ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ဂျပန်သတင်းထောက်ကို ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

တောင်ဒဂုံမြို့နယ်မှာ ဇူလိုင် ၃၀ ရက် ညနေပိုင်း ဒီမိုကရေစီလှုပ်ရှားမှု ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးခဲ့ရာ ဂျပန်နိုင်ငံသား Toru Kubota အပါအဝင် သုံးဦးဖမ်းဆီးခံခဲ့ရတာလို့ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ကို စစ်ကြောရေးပို့ပြီး စစ်တယ်၊ ပြီးမှ တောင်ဒဂုံရဲစခန်းကိုလွှဲပြီး အမှုဖွင့်ခိုင်းတာ။ လဝကဥပဒေ ၁၃ (၁) ရယ်၊ ပုဒ်မ ၅၀၅ (က) ရယ်၊ ဗီဇာဖောက်ဖျက်မှုရယ်၊ အဲဒီသုံးခုနဲ့ အမှုဖွင့်ထားတယ်၊ ကျန်နှစ်ယောက်က စစ်နေတုန်း” လို့ ပြောပါတယ်။

ဂျပန်နိုင်ငံသား သတင်းထောက်ကို ဂျပန်သံရုံးက ထုတ်ပြန်ချက်တွေ ထုတ်လာတာကြောင့် ချက်ချင်းအမှုဖွင့်တာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူက ဆန္ဒပြတဲ့သူတွေနဲ့ဆက်သွယ်ပြီး ဆန္ဒပြမယ့်နေရာကို ချိန်းတာပြုတာတွေ လုပ်တာရယ်၊ သူကိုယ်တိုင် ဗီနိုင်းကိုင်တာတွေက ကိုယ်တိုင်ပါဝင်တဲ့သဘော သက်ရောက်နေတယ်” လို့ ရှင်းပြပါတယ်။

အဲဒီနေ့က ဂျပန်နိုင်ငံသား Toru Kubota နဲ့ အမျိုးသားတဦး၊ အမျိုးသမီးတဦးတို့ဟာ ကင်မရာတလုံး၊ ဗီနိုင်းစနဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ ဂျပန်နိုင်ငံသား Toru Kubota ဟာ ဇူလိုင် ၁ ရက်နေ့က Tourist Visa နဲ့ ထိုင်းနိုင်ငံမှတဆင့် ရန်ကုန်မြို့ကို ဝင်ရောက်ခဲ့တာလို့ လဝကဦးစီးဌာနက သိရပါတယ်။

3 hours Ago

August 18, 2021

ထိုင်းရဲက ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်း၊လူငယ် ၂ ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်ရှိ ရဲဌာနချုပ်ရှေ့မှာ သြဂုတ် ၁၇ ရက်က  လာရောက်ဆန္ဒပြခဲ့ကြတဲ့ အစိုးရဆန့်ကျင်သူတွေကို ရဲတပ်ဖွဲ့က ရေအမြောက်တွေ သုံးပြီး အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ မနေ့က ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ သေဆုံးသူဦးရေ ၂၃၉ ယောက်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ကပ်ဘေးကို အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ပြည်သူတွေအကြား မကျပ်မနပ်ဖြစ် ဒေါသတွေ ကြီးထွားလာနေပါတယ်။

ဒါကြောင့် ဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာ ရာထူးက ဆင်းပေးရေး တောင်းဆိုဖို့ ဘန်ကောက်မြို့လယ်မှာ ဆန္ဒပြသူတွေ ၃ ရက်ဆက်တိုက် စုရုံးခဲ့ဆန္ဒပြခဲ့ ကြပါတယ်။

ဩဂုတ် ၁၆ ရက်က ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်မှုအတွင်း လူငယ်ဆန္ဒပြသူ တယောက်ရဲ့ ဦးခေါင်းထဲကို  ကျည်ဆန်ဝင်ပြီး ကိုမာအဆင့်မှာ သတိလစ် မေ့မြောနေခဲ့ပါတယ်။

ဆန္ဒပြပွဲမှာပါဝင်ဆန္ဒပြသူ လူငယ်ဟာ လည်ပင်းမှာ သေနတ်ဒဏ်ရာရခဲ့အပြီး ဓာတ်မှန်ရိုက်ကြည့်ရာမှာတော့ သူ့ဦးနှောက်နားမှာ ကျည်ဆန်ဝင်နေတာ တွေ့ခဲ့ရတယ်လို့ ရာ့ချ်ဝိထီဆေးရုံက ပြောပါတယ်။ ကျည်ဆန်ထိမှန်တဲ့ လူငယ်ဟာ အသက် ၁၅ နှစ်သာ ရှိသေးတယ်လို့ သူ့မိခင်က ပြောပါတယ်။

ရဲတွေက ဆန္ဒပြသူတွေကို လူစုခွဲဖို့ ကျည်အစစ်တွေကို မသုံးခဲ့ဘူးလို့ ပြောပေမဲ့ တခြား လူငယ်တယောက်လည်း ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ဆန္ဒပြသူတွေနဲ့အတူ လက်တွဲ လုပ်ကိုင်နေတဲ့ ဆေးဘက်ဝန်ထမ်းတယောက်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အဆိုပါ လူငယ်မှာ အသက် ၁၄ နှစ်ခန့်သာရှိပြီး ကျည်ဆန်က ညာဘက်ပုခုံးကိုထိမှန်ခဲ့ကြောင်း၊ လက်ရှိ ကျူလာဆေးရုံမှာတက်ရောက်ကုသနေရတယ်လို့ The voice TV မှာ ဖော်ပြပါတယ်။ 

ဩဂုတ် ၁၆ ရက်က ဆန္ဒပြပွဲအတွင်း လူ ၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဘန်ကောက် အရေးပေါ်ဌာနက ပြောပါတယ်။

PhotoCredit-Khaosod

12 months Ago
Up