close

ဆန္ဒပြ

close

May 11, 2023

ပါကစ္စတန်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံး

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို ဖမ်းဆီးပြီးတဲ့နောက်မှာ မေ ၁၀ ရက်က ဆန္ဒပြသူတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီးနောက် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

ပါကစ္စတန် အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာ ၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၇၇ ဦးကို ဆေးရုံပို့ဆောင်ထားကြောင်း ဒေသခံ ဆေးဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်းတဦးက ပြောပါတယ်။

စစ်တမ်းတွေအရ ပါကစ္စတန်ရဲ့ ရေပန်းအစားဆုံး နိုင်ငံရေးခေါင်းဆောင် ခန်းဟာ အင်္ဂါနေ့က မြေယာလိမ်လည်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

သူ့ကို ထောက်ခံသူတွေဟာ စစ်ဘက်အဆောက်အအုံတွေကို ဝင်ရောက်စီးနင်းပြီး အရှေ့ဘက် လာဟိုးမြို့ရှိ ထိပ်တန်းစစ်ဗိုလ်ချုပ်တဦးရဲ့ နေအိမ်ကို လုယက်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ တခြား နိုင်ငံပိုင်အဆောက်အအုံတွေနဲ့ ပိုင်ဆိုင်မှုတွေကို တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ ပြည်နယ် ၄ ခုထဲက ခန်းရဲ့ အမာခံနယ်မြေ ၂ ခုဖြစ်တဲ့ ပန်ဂျပ်ဘ်၊ ခိုင်ဘာပက်ထွန်ခွာနဲ့ ဖက်ဒရယ်မြို့တော် အစ္စလာမ္မာဘတ်တို့မှာ တရားဥပဒေ ပြန်စိုးမိုးစေဖို့ တပ်တွေချထားဖို့ တောင်းဆိုချက်တွေကို အစိုးရက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုခဲ့ပါတယ်။

လမ်းတွေပေါ်မှာ ဆန္ဒပြမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေချိန်မှာ ပါကစ္စတန်တရားရုံးက အသက် ၇၀ အရွယ် ခန်းကို နောက်ထပ် မေးမြန်းမှုတွေအတွက် ပါကစ္စတန်နိုင်ငံရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ (NAB) ရဲ့ အောက်မှာ ၈ ရက်တာ ချုပ်နှောင်ထားဖို့ လွှဲပြောင်းပေးခဲ့ကြောင်း အစိုးရအကြံပေး အာတာအူလာ တားရာက ပြောပါတယ်။

နိုင်ငံတကာ ခရစ်ကက်ကစားသမားဟောင်းလည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ခန်းကို အခုတော့ ရဲတပ်ဖွဲ့ ဧည့်ခန်းမဆောင်မှာ ထိန်းသိမ်းထားပါတယ်။

တခြားတရားရုံးတခုကလည်း ခန်းကို သူ အာဏာရခဲ့ချိန် ၄ နှစ်တာ ကာလအတွင်း နိုင်ငံတော် လက်ဆောင်ပစ္စည်းတွေကို ရောင်းချမှု ပြစ်ချက်တွေနဲ့ ဗုဒ္ဓဟူးနေ့အစောပိုင်းက စွဲချက်တင်ခဲ့ပါတယ်။

8 mins Ago

May 10, 2023

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း ဖမ်းဆီးခံရပြီးနောက် နိုင်ငံတဝန်း ဆန္ဒပြ

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီတခုက အစ္စလာမ္မာဘတ် အထက်တရားရုံးမှာ ဖမ်းဆီးခဲ့ပြီးနောက် ပါကစ္စတန်တဝန်းမှာ မေလ ၉ ရက်က ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒါဇင်နဲ့ချီတဲ့ ထောက်ခံသူတွေဟာ ခန်းရဲ့မွေးရပ်မြေ လာဟိုးရ်မှာရှိတဲ့ လမ်းတွေကို ပိတ်ဆို့ထားပြီး ရဲတပ်ဖွဲ့ကိုလည်း သတိပေး တပ်လှန့်ထားပါတယ်။

ဆန္ဒပြသူတွေဟာ ကရာချိဆိပ်ကမ်းမြို့ရှိ အဓိကလမ်းမကြီးကိုလည်း ပိတ်ဆို့ခဲ့ကြောင်း ရိုက်တာ မျက်မြင်သက်သေတွေက ပြောပါတယ်။

စံချိန်တင် ငွေကြေးဖောင်းပွမှုနဲ့ အားအနည်းဆုံး ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကနေ သာမန် ပါကစ္စတန်လူမျိုးတွေ ပြန်လည်ရုန်းထလာချိန်မှာ ခန်းကို ဖမ်းဆီးခဲ့တာပါ။

အမျိုးသား တာဝန်ယူမှု/တာဝန်ခံမှု ဗျူရို (NAB) က ခန်းရဲ့ဖမ်းဝရမ်းကို မေလ ၁ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့တာကို ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရပါတယ်။

ခန်းကို စွပ်စွဲထားတဲ့ အဂတိလိုက်စားမှု စွပ်စွဲချက် အတိအကျကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း မြို့တော်မှာ သူ့ကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က လာမဖမ်းခင်လေးမှာပဲ ထောင်ထဲသွားဖို့ အဆင်သင့်ပဲလို့ မနေ့က သူ့ရဲ့ ပီတီအိုင်ပါတီကနေ လူမှုမီဒီယာမှာ မျှဝေထားတဲ့ ဗီဒီယိုထဲမှာ ပြောပါတယ်။

1 day Ago
Up