close

ဆန်စပါး

close

March 16, 2023

စစ်ကောင်စီသတင်းစာတွင် ဆန်စပါးအထွက်နှုန်းကောင်းနေသော်လည်း တောင်သူများက စပါးအထွက်နှုန်းကျဆင်းဟု ပြော

မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန်စပါးထွက်ရှိမှု ပုံမှန်ဖြစ်လာပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူက စစ်ကောင်စီ အာဘော်နိုင်ငံပိုင်သတင်းစာမှာ ပြောကြားခဲ့ပေမဲ့ စပါးစိုက်တဲ့ တောင်သူတွေကတော့ မိုးစပါးအထွက်နှုန်းလျော့ကျခဲ့တယ်လို့ ထောက်ပြကြပါတယ်။

ဧရာ၀တီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ဆန်စပါးအထွက်နှုန်းတွေ ကောင်းမွန်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံကြည်ရင် ဆန်စပါးထွက်ရှိမှုနဲ့ ရရှိမှုက ပုံမှန်အခြေအနေနီးပါး ဖြစ်လာတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားခဲ့တာပါ။

ပဲခူးတိုင်းက စပါးစိုက် တောင်သူတဦးကတော့ “အထွက်နှုန်းမကောင်းပါဘူး။ မိုးစပါးတုန်းကအထွက် နှုန်းလျော့တယ်လေ။ ရာသီဥတုကလည်းမမှန်၊ ရေကလည်း မရဘူး။ ပြီးတော့ မြေသြဇာတွေက စျေးမြင့်တော့ လိုသလောက် မပက်နိုင်ဘူး။ မြေသြဇာမနိုင်တော့ အထွက်လည်း ကျတယ်။ စိုက်စရိတ် ကုန်ကျစရိတ်နဲ့ ဖြစ်နေတဲ့ စပါးစျေးနဲ့ တွက်ခြေသိပ်မကိုက်ဘူး” လို့ ပြောပါတယ်။

စပါးစျေးမကောင်းချိန်မှာ စိုက်ပျိုးရေးသွင်းအားစုစျေးတွေ အဆမတန်ကြီးမြင့်နေလို့ အပြည့်အဝ ထည့်သွင်းနိုင်ခြင်းမရှိတာကြောင့် မိုးစပါးအထွက်နှုန်း လျော့ကျခဲ့တာမှန်ပေမဲ့ နွေစပါးမှာတော့ စပါးစျေး ကောင်းခဲ့တဲ့အတွက် အထွက်နှုန်း ပုံမှန်အခြေအနေ နီးပါးဖြစ်နိုင်တယ်လို့ ဧရာ၀တီတိုင်းက စပါးစိုက်တောင်သူတဦးက ပြောပါတယ်။

“မိုးစပါးက လျော့ပြီးသားဟာကို မလျော့အောင် ဘာပြန်လုပ်လို့ ရတော့မလဲ။ မရတော့ဘူးလေ။ အခုစပါးစျေးလေးကလည်း ကောင်းလာတယ်။ နောက်တခါ သွင်းအားစုကိုလည်း ကန်ထရိုက် လယ်ယာစနစ်နဲ့ မြေသြဇာ ၁ ဧကကို ၂ အိတ်နှုန်းပေါ့လေ ပေးတဲ့အတွက် သွင်းအားစု ပြည့်မီတဲ့သဘော ရှိပါတယ်။ အဲတော့ အခု နွေစပါးမှာတော့ ပြန်ပြီး နှစ်တိုင်းစံချိန်ကို မီနိုင်ပါတယ်။ မိုးစပါးမှာတော့ မမီဘူး။” 

မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုးကျဆင်းပြီး ပြည်ပကနေ ဝယ်ယူတင်သွင်းရတဲ့ စိုက်ပျိုးရေးသွင်းအားစုစျေးနှုန်းတွေ အဆမတန်မြင့်တက်နေပါတယ်။ နိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေကြောင့် တချို့ဒေသတွေမှာ စိုက်ပျိုးရေး ကောင်းကောင်း မလုပ်နိုင်သလို ပြည်တွင်းစပါးအထွက်နှုန်းအပေါ်မှာ စိုးရိမ်ပြီး ဝယ်ယူသိုလှောင်မှုတွေ ရှိနေတာကြောင့် အခုနှစ်မှာ ဆန်စျေး၊ စပါးစျေးနှုန်းတွေ စံချိန်တင်မြင့်တက်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကတော့ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မိုးစပါး၊ နွေစပါးနဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွေ တိုးတက်ရေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

49 mins Ago

March 5, 2023

ဆန်စပါး ဥပဒေမူကြမ်းကို ဆွေးနွေးမည်

ဆန်စပါးဥပဒေမူကြမ်းကို စစ်ကောင်စီက ရေးဆွဲထားပြီး အဲ့ဒီမူကြမ်းကို မနက်ဖြန် မတ် ၆ ရက်နေ့ကနေစပြီး ရန်ကုန်နဲ့ ပုသိမ်မြို့တွေမှာ တပြိုင်တည် ဆွေးနွေးသွားဖို့ ပြင်ဆင်ထားပါတယ်။

မတ်လကနေ ဧပြီလဆန်းအထိ စပါးအဓိကစိုက်တဲ့ဒေသတွေမှာ ဆွေးနွေးပွဲတွေကို တောက်လျှောက်ပြုလုပ်သွားမှာဖြစ်ပြီး မန္တလေး၊ နေပြည်တော်၊ ပြည်၊ ဟင်္သာတ၊ ပဲခူး၊ မော်လမြိုင်၊ စစ်တွေ စတဲ့ဒေသတွေမှာ ဆက်လက် ကျင်းပသွားဖို့ ရှိပါတယ်။

ဆန်စပါးဥပဒေကြမ်းမှာ အဓိကအချက်နှစ်ချက်ကို အတိပြုပြဋ္ဌာန်းဖို့ ထည့်သွင်းရေးဆွဲထားပြီး အဲ့ဒါတွေကတော့ ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးလာဖို့ရည်ရွယ်ပြီး ရန်ပုံငွေသီးသန့်ထူထောင်ဖို့နဲ့ စပါးဈေးတွေကျလာရင် အရန်ဆန် ဝယ်ယူရတဲ့အခြေအနေမှာ ငွေကြေး ထည့်ဝင်ရမယ့်အပိုင်းကို  မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။

မြန်မာ့ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ မျိုးကွဲများတဲ့ပြဿနာ၊ တနိုင်ငံလုံးမျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးနိုင်မှု နည်းပါးတဲ့ပြဿနာ၊ စနစ်ကျလယ်ယာမြေများ ပြုပြင်သုံးစွဲနိုင်တဲ့ အခြေအနေနည်းပါးတဲ့ပြဿနာ၊ စိုက်ပျိုးရေမရရှိနိုင်တဲ့ပြဿနာ၊ စပါးဈေးမတည်ငြိမ်နိုင်တဲ့ စတဲ့ ဖြေရှင်းရမယ့် အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာမှာ နှစ်ရက်တာကျင်းပခဲ့တဲ့ မြန်မာ့ဆန်စပါးညီလာခံမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် ၄၄ ချက်ကိုထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲက ၄၁ ချက်မြောက်မှာ ဆန်စပါးဥပဒေကိုရေးဆွဲဖို့ ပြဋ္ဌာန်းထားပါတယ်။

ဆန်စပါးအသင်းအဖွဲ့တွေက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန်နှစ်သန်းခွဲ တင်ပို့နိုင်ဖို့ နှစ်စမှာ ရည်ရွယ်ထားပေမယ့် နိုင်ငံရေးမတည်ငြိမ်နိုင်တာတွေက ဆန်စပါး ထုတ်လုပ်မှုကို ထိခိုက်စေပြီး ပြည်တွင်းစားသုံးမှုကို ထိခိုက်လာမှာစိုးရိမ်တာကြောင့် ၂.၂ သန်းလောက်သာ တင်ပို့နိုင်တော့မယ်လို့ ဆန်စပါးအသင်းအဖွဲ့တွေက ခန့်မှန်းပြောဆိုကြပါတယ်။ 

အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ စပါးစိုက်ဧကချင်းပြောရလောက်အောင် မပိုပေမယ့် အခုနှစ်အတွင်း ဆန်တန်ချိန် ခုနှစ်သန်းခွဲတင်ပို့နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒီပမာဏက မြန်မာ့ဆန်တင်ပို့မှုထက် နှစ်ဆလောက်ပိုများနေတာဖြစ်ပါတယ်။ 

2 weeks Ago
Up