close

ဆန်စျေးနှုန်း

close

August 16, 2022

မြန်မာပြည်တွင်းဆန်စျေးများ ထပ်မံမြင့်တက်လာ

မြန်မာပြည်တွင်းမှာ ဒေါ်လာဈေးတက်တဲ့ ဂယက်ကြောင့် ဆန်ဈေးနှုန်း အမြင့်ဆုံး ရောက်ရှိနေချိန်  အခုထက် စျေးမြင့်တက်လာမှာ၊ ဆန်ပြတ်လပ်မှာကို စိုးရိမ်ပြီး မလိုအပ်ဘဲ ကြိုတင်ဝယ်ယူ စုဆောင်းမှုတွေကြောင့် ပြည်တွင်းဆန်စျေးတွေ ထပ်မံ မြင့်တက်လာပါတယ်။

ရန်ကုန်မြို့က ဆန်လက်လီရောင်းချသူတဦးက “စျေးကတော့ တပတ်တစျေးပဲ၊ တောက်လျှောက် တပြည်ကို ကျပ် ၁၀၀၊ ၂၀၀ တက်နေတာ။ ဆန် order ကလည်း ဒီရက်ပိုင်းတွေမှာ အတော်တက်လာတယ်။ တချို့အိမ်တွေဆို သုံးအိတ်လောက်ထိ ဝယ်တယ်” လို့ ပြောပါတယ်။

မလိုအပ်ဘဲ ဆန်ကြိုတင်ဝယ်ယူစုဆောင်းမှုတွေက ဈေးကွက်ကို မတည်မငြိမ်ဖြစ်စေပြီး စျေးနှုန်းကို ထပ်မံမြင့်တက်လာစေတယ်လို့ စျေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

စျေးကွက်စောင့်ကြည့်သူတဦးက “ရွှေဘိုအတင်းစွတ်ဝယ်တော့ ရွှေဘိုတက်တဲ့နောက် ဧရာဝတီ ပေါ်ဆန်းတွေလည်း လိုက်တက်၊ စားသုံးသူတွေက လုဝယ်၊ ဒိုင်တွေက လုသိမ်း၊ ဈေးတွေက စွတ်တက်၊ ပစ္စည်းကမထွက်၊ လုံးလည်ချာလည်လိုက်နေတာပဲ။ ဒိုင်တွေက တက်မှာသိတော့ ကြိုဝယ်ပြီး လှောင်တာပေါ့။ အဲ့ဒီမှာတင် ပစ္စည်းကပြတ်၊ အိမ်စားတွေ အများကြီးဝယ်ပြီး သိမ်းထားရင်တော့ ပိုတက်ပြီး ပစ်ရတာပဲဖြစ်မယ်။ အတင်းစွတ်ဝယ်တော့ ဒိုင်တွေက အကြိုက်တွေ့ပြီး ဈေးတွေ အော်ပျံကုန်ရော။ ဆန်မပြတ်ဘူး။ အတင်းစွတ်ဝယ်ရင် တက်ရမယ့် ဈေးထက် ပိုတက်လိမ့်မယ်” လို့  ပြောပါတယ်။

ရန်ကုန်မြို့၊ ဝါးတန်းဆန်ကုန်စည်ဒိုင်ရဲ့ စျေးနှုန်းစာရင်းအရ သြဂုတ် ၁၅ ရက်မှာ ရွှေဘိုပေါ်ဆန်း တအိတ်ကို အနိမ့်ဆုံး ၇၈,၀၀၀ ကျပ်ကနေ အမြင့်ဆုံး ၉၀,၀၀၀ ကျပ်ထိ စျေးပေါက်ပြီး မြောင်းမြပေါ်ဆန်း တအိတ်ကို ၆၅,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တအိတ်ကို ငွေကျပ် ၆၀,၀၀၀ ကနေ ၆၂,၀၀၀ အကြား၊ ရက် ၉၀ ဆန်တအိတ်ကို ကျပ် ၄၅,၀၀၀ ကနေ ၄၈,၀၀၀ ကြား အသီးသီးရှိပါတယ်။

အမျိုးအစားအလိုက် ဆန်တအိတ်ကို ငွေကျပ် ၁,၀၀၀ ကနေ ၇,၀၀၀ အထိ ရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာခဲ့ပြီး ရွှေဘိုပေါ်ဆန်း အမျိုးအစား ဆန်ဈေးနှုန်းတွေက တအိတ်ကို ငွေကျပ် ၃,၀၀၀ ကနေ ၅,၀၀၀ အကြားအထိ စျေးထပ်မံ မြင့်တက်လာပါတယ်။

တလအတွင်း ပေါ်ဆန်းဆန်တအိတ်ကို ပျမ်းမျှ ကျပ် ၁၀,၀၀၀ ဝန်းကျင် ထပ်မံမြင့်တက်ခဲ့ပြီး ရွှေဘိုပေါ်ဆန်းကတော့ တအိတ်ကို ကျပ်၂၀,၀၀၀ ကျော် ထပ်မံမြင့်တက်လာပါတယ်။

ရန်ကုန်မြို့နေ ပြည်သူတဦးက “ဆန်က တက်ပြီးရင်း တက်ရင်းပဲ။ အစစအရာရာ ကုန်စျေးနှုန်းတက်နေချိန်မှာ ဆန်စျေးထပ်တက်တော့ ဝင်ငွေနည်းတဲ့သူတွေ ပိုခက်ခဲစေတယ်” လို့ ပြောပါတယ်။

အခုလို ဆန်စျေးတွေ မြင့်တက်လာရတာက စျေးကွက်ရဲ့ ဝယ်လိုအားအပြင် ဒေါ်လာဈေး ဂယက်ကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ သွင်းအားစုဈေးနှုန်း မြင့်တက်လာမှု၊ အထွက်နှုန်းလျော့ကျမှု စတဲ့အချက်တွေနဲ့လည်း သက်ဆိုင်နေတယ်လို့ သုံးသပ်ထားကြပါတယ်။

ဆန်စပါးအသင်း တာဝန်ရှိသူကတော့ ဆန်ဈေးနှုန်း မြင့်တက်နေပေမဲ့ ပြည်တွင်းမှာ ဆန်လုံလောက်မှု ရှိတဲ့အတွက် စိုးရိမ်စရာမလိုဘူးလို့ ပြည်တွင်းမီဒီယာတခုကို ပြောကြားထားပါတယ်။

4 mins Ago

August 4, 2022

ရွှေဘိုပေါ်ဆန်းတအိတ် တလခွဲအတွင်း ကျပ်နှစ်သောင်းအထိ ဈေးတက်

ရန်ကုန်မှာ ရွှေဘိုပေါ်ဆန်းတအိတ်ကို ကျပ် ၈ သောင်းခွဲနဲ့ ၉ သောင်းကြားလောက်အထိ ဈေးပေါက်နေပြီးတော့ တလခွဲကျော်အတွင်းမှာ ကျပ် ၂ သောင်းလောက်အထိ မြင့်တက်လာခဲ့တယ်လို့ ဆန်ရောင်းဝယ်နေသူတွေက ပြောပါတယ်။

ဇွန်နောက်ဆုံးပတ်ကနေ သြဂုတ် ပထမအပတ်အတွင်း ရွှေဘိုပေါ်ဆန်းတအိတ်ကို ပျမ်းမျှ ကျပ် ၂ သောင်းလောက် တက်လာတာဖြစ်ပြီး အဲ့ဒီဈေးတက်လာတာဟာ ဆန်လက်ကျန်နည်းပါးတာနဲ့ အထွက်နှုန်းမရှိလို့ ဈေးတက်နေတာမျိုးမဟုတ်ဘဲ တပတ်အတွင်းမှာပဲ ကျပ် ၅ ထောင်လောက် ဈေးခုန်တက်သွားတဲ့ အခြေအနေတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

လက်ရှိဈေးကွက်ထဲမှာ ရောင်းဝယ်နေတဲ့ ဆန်ဈေးနှုန်းတွေက တည်ငြိမ်မှုမရှိဘဲ နေ့စဥ်နဲ့အမျှ ဈေးနှုန်းပြောင်းလဲမှုတွေ ရှိနေပေမဲ့ ဆန်ရောင်းဝယ်ရေးလုပ်ငန်းတွေကတော့ ပုံမှန်လည်ပတ်နေနိုင်တဲ့ အနေအထားတော့ ရှိနေဆဲဖြစ်ပြီး ဈေးနှုန်းအတက်ကြမ်းနေတာကတော့ ရွှေဘိုပေါ်ဆန်းဖြစ်ကာ လက်ရှိပေါက်ဈေးအရဆိုရင် တအိတ်ကို ကျပ် ၉ သောင်းလောက်ရမှ ရောင်းနိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ ဆန်ကို လက်လီရောင်းချနေတဲ့ဆိုင်တွေက ဆိုပါတယ်။

ဒီလို ဆန်ဈေးနှုန်းတွေ တက်နေတာကြောင့် ရန်ကုန်မှာရှိတဲ့ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) နဲ့ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) တို့ပူးပေါင်းပြီး အိမ်ထောင်စုတစုကို ရွှေဘိုပေါ်ဆန်းတအိတ် ကျပ် ၇ သောင်းခွဲကနေ ကျပ် ၇ သောင်း ၇ ထောင်နဲ့ နေ့စဥ်ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။

အဲ့ဒီ ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်မှာ ရွှေဘိုပေါ်ဆန်းအပြင် ဧရာဝတီပေါ်ဆန်း၊ ကြားပျံ၊ ရက် ၉၀ တို့ကိုလည်း ရောင်းချပေးနေပြီး ပြင်ပဆိုင်တွေမှာ နာမည်ကြီးပြီးသားတံဆိပ်တွေနဲ့ အရည်အသွေးတူတဲ့ ဆန်အမျိုးအစားတွေကို ရောင်းချနေတာလို့လည်း သိရပါတယ်။

ဒီလို ဈေးလျှော့ရောင်းချပေးပေမဲ့ ဝါးတန်းကုန်စည်ဒိုင်အနီးမှာ နေထိုင်သူတွေလောက်ပဲ ဝယ်ယူဖို့အဆင်ပြေပေမဲ့ တခြားမြို့နယ်တွေကနေ လာရောက်ဝယ်ယူမယ်ဆိုရင် သယ်ယူပို့ဆောင်စရိတ်တွေ ထပ်ပေါင်းရင် လက်ရှိပေါက်ဈေးဖြစ်နေတဲ့ ဈေးနှုန်းတန်းတူလောက် ဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ဆန်စပါးကုန်စည်ဒိုင်တွေ ရောင်းချနေတဲ့ဆန်တွေဟာ သိုလှောင်ထားပြီးတဲ့ ဆန်တွေကို ပြန်ထုတ်ရောင်းတာဖြစ်ပြီး ပြင်ပပုဂ္ဂလိကဆိုင်တွေမှာ ရောင်းနေတဲ့ ဆန်တွေရဲ့ အရည်အသွေးကို မမီဘူးလို့လည်း သိရပါတယ်။

2 weeks Ago
Up