သင်္ကြန်အပြီးကာလမှာ ဆန်ဈေးတွေ သိသိသာသာ မြင့်တက်လာတာနဲ့ ပက်သက်ပြီး ဆန်ဈေးမြင့်တက်အောင် ရည်ရွယ် လုပ်ဆောင်နေသူတွေကို ကိုင်တွယ် ဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဧပြီ ၂၄ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
အွန်လိုင်းမှာ မမှန်တဲ့ဈေးနှုန်းတွေ၊ မမှန်တဲ့သတင်းအချက်အလက်တွေ ဖန်တီးပြီး ဆန်ဈေးမြင့်တက်အောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေသူတွေကြောင့် ပြည်တွင်း စားသုံးဆန်ဈေးနှုန်းတွေ မြင့်တက်နေတာလို့ အသင်းချုပ်က သံသယရှိနေတာပါ။
ဆန်ဈေးမြင့်တက်အောင် ရည်ရွယ် လုပ်ဆောင်နေသူတွေကို ဝိုင်းဝန်းစိစစ်ဖော်ထုတ်ကြဖို့ ဆန်စပါး အသင်းချုပ်က တိုက်တွန်းထားပြီး၊ ရည်ရွယ်ချက်နဲ့ ဆန်ဈေးတက်အောင် လုပ်ဆောင်သူတွေကို စည်းရုံး ပညာပေးလို့ မရပါက သက်ဆိုင်ရာကို တင်ပြဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အသင်းချုပ်အနေနဲ့ ဆန်ဈေးနှုန်းတည်ငြိမ်ရေးနဲ့ အရောင်းအဝယ်တွေ မှန်ကန်မှုရှိစေရေး ထိန်းကျောင်း ဆောင်ရွက်ဖို့အတွက် ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်တွေ။ ဆန်စက်ပိုင်တွေ၊ ဆန်ကုန်သည်တွေ၊ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုထားပြီး ရည်ရှည် အကျိုးစီးပွားကို ချင့်ချိန်ပြီး အရောင်းအဝယ်ဆောင်ရွက်ဖို့ ကုန်သည်ပွဲစား စက်ပိုင်တွေကို နိုးဆော်ထားပါတယ်။
ပြည်တွင်း ဆန်စျေးနှုန်းတွေက စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်စတစ်စနဲ့ တောက်လျှောက် မြင့်တက်နေတာ ဖြစ်ပေမဲ့ သင်္ကြန်အလွန်ကာလမှာတော့ ဈေးကွက်ထဲ ဆန်အဝင်နည်းပြီး ဈေးနှုန်း အတက်ကြမ်းလာပါတယ်။
ဒီနေ့ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်စျေးနှုန်းအရ ရွှေဘိုပေါ်ဆန်းဆန်က တအိတ်ကို ၉၅၀၀၀ ကျပ်ကနေ ၁၀၅၀၀၀ ကျပ်၊ မြောင်းမြ ပေါ်ဆန်းက တအိတ်ကို ၈၅၀၀၀ ကနေ ၈၆၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းက ၈၅၀၀၀ ကနေ ၈၇၀၀၀ ကျပ်၊ ကြားပျံ တအိတ်ကို ကျပ် ၈၂၀၀၀ ကနေ ၉၀၀၀၀ ကျပ်၊ ရက် ၉၀က ကျပ် ၆၀၀၀၀ ကနေ ၇၀၀၀၀ ကျပ်၊ ခွံနီဆန်က ကျပ် ၆၇၀၀၀ကနေ ၇၅၀၀၀ ကျပ်အထိ အသီးသီး ဖြစ်ပေါ်နေပါတယ်။
သင်္ကြန်မတိုင်ခင် ဧပြီ ၇ ရက်နေ့ကတော့ ရွှေဘိုပေါ်ဆန်း ဆန်တအိတ်ကို ၈၅,၀၀၀ ကနေ ၉၃,၀၀၀ ကျပ်၊ မြောင်းမြ ပေါ်ဆန်းစျေး ၇၇,၀၀၀ ကျပ်ကနေ ၇၉,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းက ၇၀,၀၀၀ ကနေ ၇၂,၀၀၀ ကျပ်၊ ကြားပျံဆန် တအိတ်ကို ၇၂၀၀၀ ကနေ ၈၀၀၀၀ ကျပ်၊ ရက် ၉၀ ဆန်တအိတ်ကို ၅၅,၀၀၀ ကနေ ၆၄,၀၀၀ ကျပ်၊ ခွံနီဆန်က ၆၂,၀၀၀ ကနေ ၆၆,၀၀၀ ကျပ်အကြား အသီးသီးရှိခဲ့ပါတယ်။
ဆန်လက်လီ လက်ကား ရောင်းချသူ လုပ်ငန်းရှင်တဦးက "နယ်ကနေ ရန်ကုန်ကို ဆန်များအဝင်များလာရင်တော့ ပုံမှန် ပြန်ဖြစ်သွားမှာပါ။ အရမ်းကြီးမစိုးရိမ်ကြပါနဲ့။ နယ်ကနေ ဆန်အဝင်နည်းနေတာကြောင့် အခုလိုဖြစ်ပေါ်နေတာလို့ ယူဆပါတယ်" လို့ မှတ်ချက်ပြုပါတယ်။
မြန်မာပြည်တွင်း ဆန်စျေးမတန်တဆမြင့်တက်နေတဲ့အပေါ် နယ်မြေ မတည်ငြိမ်မှုတွေအရ စပါးစိုက်ပျိုးနိုင်မှုမရှိဘဲ စိုက်ဧကလျော့ကျလာတာ၊ လျှပ်စစ်မီးမရတာကြောင့် စပါးကြိတ်ခွဲမှုလုပ်ငန်းတွေ နှောင့်နှေးပြီး ကုန်ကျစရိတ် ပိုလာတာ၊ လှောင်လက်တွေရဲ့ စျေးကစားမှုတွေရှိနေတာ စတဲ့အချက်တွေကြောင့် ဖြစ်တယ်လို့ အဆိုပါအသိုက်အဝန်းကြား သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဒီနှစ်မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကြိုကာလမှာ ပြည်တွင်း ဆန်စျေးနှုန်းတွေဟာ အမျိုးအစားပေါ် လိုက်ပြီး တအိတ်ကို ကျပ် ၁၀၀၀ ကနေ ၅၀၀၀ အထိ ထပ်မံ မြင့်တက်လာတယ်လို့ ဆန်အရောင်းအဝယ် ဈေးကွက်ကနေ သိရပါတယ်။
ရန်ကုန်၊ ဝါးတန်ဆန်ကုန်စည်ဒိုင်စျေးကွက်မှာ ဧပြီ ၄ ရက်နေ့ စျေးနှုန်းအရ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်ကို ၈၅၀၀၀ ကနေ ၉၃၀၀၀ ကျပ်၊ မြောင်းမြ ပေါ်ဆန်းစျေး ၇၇၀၀၀ ကျပ်ကနေ ၇၉၀၀၀ ကျပ်၊ ရက် ၉၀ ဆန် တစ်အိတ်ကို ၅၅၀၀၀ ကနေ ၆၄၀၀၀ ကျပ်၊ ကြားပျံဆန် တစ်အိတ်ကို ၇၂၀၀၀ကနေ ၈၀၀၀၀ ကျပ် အသီးသီးရှိနေပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်သောကြာနေ့ စျေးကွက်ပိတ်စျေးနဲ့ နှိုင်းယှဉ်ရင် တစ်အိတ်ကို ၁၀၀၀ကျပ် ကနေ ၅၀၀၀ ကျပ်အထိ စျေးထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။
ပြည်တွင်းဆန်စျေးနှုန်းတွေက စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်စထက်တစ်စ ပိုမြင့်တက်လာခဲ့ပြီး လက်ရှိမှာ အမြင့်ဆုံးစျေးကို ရောက်ရှိနေရာကနေ သင်္ကြန် အကြိုကာလမှာ စျေးထပ်မံမြင့်တက် လာတာပါ။
ရန်ကုန်အခြေစိုက် ဆန်လက်လီ၊ လက်ကားရောင်းချသူ တဦးက“ဆန်စျေးကတော့ အရင်ရက်ထက် ဈေးနည်းနည်းထပ် တက်တယ်။ ရွှေဘိုက တအိတ်ကို ၅၀၀၀ လောက်ထိ တက်လာတယ်။ အခါရက်နီးရင် တက်တာကတော့ ဒါနှစ်တိုင်း ဖြစ်နေကြပေါ့။ သင်္ကြန်ပိတ်ရက်အတွက် ဝယ်စုကြတော့ စျေးတက်တာပေါ့” လို့ ပြောပါတယ်။
အခုနှစ် ဆန်စျေးနှုန်းတွေက အရင်နှစ်ထက် စျေးသိသိသာသာ မြင့်တက်နေတာဖြစ်ပြီး ပြီခဲ့တဲ့နှစ် အခုလိုအချိန်နဲ့ နှိုင်းယှဉ်ရင် ရွှေဘိုပေါ်ဆန်း ဆန်နဲ့ ဆန်ကြမ်း ဖြစ်တဲ့ ရက် ၉၀ ဆန်က တအိတ်ကို ၃၀၀၀၀ ကျပ် ဝန်းကျင်ထိ စျေးမြင့်နေပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလမှာ ကျပ်ငွေတန်ဖိုးကျပြီး စိုက်ပျိုးရေးသွင်းအားစုနဲ့ လောင်စာဆီ အပါအဝင် ပြည်ပကနေ တင်သွင်းရတဲ့ ကုန်ကြမ်းပစ္စည်းတွေ စျေးနှုန်းမြင့်တက်လာတာ၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နယ်မြေမတည်ငြိမ်မှုတွေနဲ့အတူ ကုန်စည်သယ်ယူပို့ဆောင်ရေးခက်ခဲလာတာ၊ လျှပ်စစ်မီး မမှန်တာစတဲ့အချက်တွေကြောင့် ဆန်အပါအဝင် အခြေခံလူသုံးကုန်၊ စားသောက်ကုန်နဲ့ ဆေးဝါးဈေးနှုန်းတွေဟာ ၂၀၂၁ ဖေဖော်ဝါရီလ မတိုင်မီနဲ့ နှိုင်းယှဉ်ရင် အဆမတန် မြင့်မားနေတာ ဖြစ်ပါတယ်။
လက်ရှိ သင်္ကြန်အကြိုကာလမှာလည်း လာမယ့်ပိတ်ရက်ရှည်အတွက် စားသောက်ကုန်တချို့ ဝယ်ယူစုဆောင်းမှုတွေရှိနေပြီး ကုန်စည်စျေးနှုန်းတွေကလည်း အကျမရှိဘဲ အတက်စျေးမှာပဲ ဆက်ရှိနေတာပါ။
ရန်ကုန်မြို့နေ အိမ်ရှင်မ တစ်ဦးက “သင်္ကြန်ပိတ်ရက်အတွက် ကြိုတော့ ဝယ်ထားရတာပေါ့။ ဒါပေမဲ့ အရင်နှစ်တွေကလို များများမဝယ်ထားနိုင်ဘူး။ နည်းနည်းလောက်ပဲ ဝယ်ထားနိုင်တယ်။ ကုန်စျေးနှုန်းက ဒီထက်တက်လည်း ငတ်ဖို့ပဲရှိတော့တယ် ”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ အလုပ်အကိုင် ဆုံးရှုံးမှုနဲ့ စားသောက်ကုန် ဈေးနှုန်းတွေမြင့်တက်လာမှုတို့က မြို့ပြဒေသတွေမှာ အဆိုးရွားဆုံး ရိုက်ခတ်မှုရှိနေပြီး ရန်ကုန်မြို့က ဆင်းရဲနွမ်းပါးမှု အများဆုံး ၈ မြို့နယ်က လူပေါင်း ၃၀၀၀ လောက်ကို စစ်တမ်းကောက်ယူမှုအရ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း အစားလျှော့စားရတဲ့အထိ ဝင်ငွေမလုံလောက်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။