မြန်မာပြည်တွင်းမှာ ဆန်နဲ့ စပါးစျေးနှုန်းတွေ မြင့်တက်နေတာကြောင့် လာမယ့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ဆန်နဲ့ ဆန်ထွက်ပစ္စည်း ပြည်ပတင်ပို့မှုကို အကန့်အသတ်စနစ်နဲ့ ဆောင်ရွက်မယ်လို့ ဆန်စပါးလုပ်ငန်း အသိုင်းအဝိုင်းမှာ သတင်းထွက်ပေါ်နေပါတယ်။
အဲဒီသတင်းနဲ့အတူ ပြည်တွင်းမှာ ဆက်တိုက်မြင့်တက်နေခဲ့တဲ့ စပါးစျေးပြန်အေးလာပြီး အရောင်းအဝယ်လည်း အေးသွားတယ်လို့ စျေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
ဆန်စပါးလုပ်ငန်းရှင်တဦးက “ပြည်တွင်းဆန်ဈေးမတက်အောင် ထိန်းလိုက်တယ်။ ဆန်ပြည်ပပို့ခွင့်ကို ပမာဏကန့်သတ်လိုက်တယ်လို့ သတင်းတွေထွက်နေတယ်။ ဒါကြောင့် စပါးဈေး အေးသွားတာပါ။ စပါးဈေးအေးပေမဲ့ အရောင်းအဝယ်လည်း အေးပါတယ်” လို့ ပြောပါတယ်။
ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့ရာမှာ မြန်မာနိုင်ငံအနေနဲ့ တလကို ပျမ်းမျှ တန်ချိန် နှစ်သိန်းဝန်းကျင် တင်ပို့နေတာဖြစ်ပေမဲ့ လာမယ့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ တလကို ဆန်တန်ချိန် တသိန်းကနေ တသိန်းခွဲခန့်သာ တင်ပို့ခွင့်ရရှိတော့မယ်လို့ သိရပါတယ်။
အဲဒီကန့်သတ်ချက်ကြောင့် လက်ရှိမှာ ပြည်ပဆန်တင်ပို့ခွင့် လိုင်စင်အသစ်ရရှိဖို့ ခက်ခဲသွားပြီး လိုင်စင်အဟောင်းတွေကိုလည်း စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။
အဲဒီမူဝါဒနဲ့ ပြည်ပဆန်တင်ပို့မှုကို လျှော့ချမယ်ဆိုရင် လာမယ့်ဧပြီလကုန် နွေစပါး လှိုင်လှိုင်ပေါ်ချိန်မှာ စျေးကျဆင်းလာနိုင်ပေမဲ့ စိုက်ပျိုးစရိတ်နဲ့ ကုန်စျေးနှုန်းတွေ မြင့်တက်နေတာကြောင့် စပါးစျေးဟာ စောင့်ကြည့်ရမယ့် အနေအထားသာ ဖြစ်တယ်လို့ မြောင်းမြမြို့က စပါးစိုက်တောင်သူတဦးက မှတ်ချက်ပြုပါတယ်။
လက်ရှိ မြန်မာပြည်တွင်း စပါးစျေးနှုန်းတွေက သမိုင်းတလျှောက် စံချိန်သစ်တင်ကာ အမြင့်ဆုံးစျေးနှုန်းတွေကို ရောက်ရှိနေတာဖြစ်ပြီး တောင်သူတွေ ဝယ်ယူရတဲ့ စိုက်ပျိုးရေး သွင်းအားစုစျေးနှုန်းတွေကလည်း ကျပ်ငွေတန်ဖိုး ကျဆင်းနေတာကြောင့် စံချိန်တင် အမြင့်ဆုံးစျေးမှာ ဆက်လက်ရပ်တည်နေတာပါ။
စံချိန်တင်အမြင့်စျေးနဲ့ စပါးဝယ်ယူကြိတ်ခွဲရတာဖြစ်လို့ ဆန်စျေးကျဆင်းနိုင်ခြင်း မရှိသေးသလို ပြည်တွင်းမှာ ဆန်ဈေးမြင့်တက်မှုကလည်း ပြည်ပဆန်တင်ပို့မှုအပေါ် သက်ရောက်မှုတွေ ရှိနေပြန်တယ်လို့ ကုန်သည်တွေထံက သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့ရာ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေတာဖြစ်ပြီး ဥရောပနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေကိုလည်း တင်ပို့နေတာပါ။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၁ လအတွင်း မြန်မာနိုင်ငံကနေ ပြည်ပသို့ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ ဒသမ ၀၉၉ သန်း တင်ပို့နိုင်ခဲ့ပြီး တင်ပို့မှုကနေ ဝင်ငွေ ဒေါ်လာ ၇၈၃ သန်း ရရှိထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။
လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၆ လအတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ မတ်ထရစ်တန် ၉ သိန်း ၈ သောင်းကျော် တင်ပို့ထားပြီး၊ အဲဒီတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃၃၉ သန်း ပို့ကုန်ဝင်ငွေ ရရှိထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။
မြန်မာ့ဆန်နဲ့ ဆန်ကွဲကို နိုင်ငံပေါင်း ၃၈ နိုင်ငံကို တင်ပို့နိုင်ခဲ့ပြီး တရုတ်၊ ဖိလစ်ပိုင်၊ ဘယ်ဂျီယံ၊ အိုင်ဗရီကို့စ်၊ နယ်သာလန်နဲ့ ပိုလန်နိုင်ငံတို့က အများဆုံး ဝယ်ယူနေတယ်လို့ အသင်းချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဆန်နဲ့ ဆန်ကွဲ ပြည်ပတင်ပို့မှုက ပြီးခဲ့တဲ့ မီနီဘတ်ဂျတ် ၆ လမှာ တန်ချိန် ၁ ဒသမ ၄ သန်းထိရှိခဲ့ပြီး ပုံမှန်တင်ပို့မှုထက် တိုးတက်မှုရှိခဲ့ပါတယ်။ အခုဘဏ္ဍာနှစ်မှာလည်း တင်ပို့မှုက ဆက်လက် အားကောင်းနေတာပါ။
အခုနှစ်မှာ ဘင်္ဂလားဒေ့်ရှ်နိုင်ငံကို အစိုးရချင်း (G to G) သဘောတူညီမှုနဲ့ တန်းမြင့်ဆန် တန်ချိန် ၂၅၀,၀၀၀ တင်ပို့ရောင်းချဖို့ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်တယ်လို့သိရပါတယ်။
အဲဒီစာချုပ်အရ တန်ချိန် ၂၁,၃၀၀ ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အစီအစဉ်နဲ့ စတင် တင်ပို့နေပြီလို့လည်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဘင်္ဂလားဒေ့နိုင်ငံဟာ ဆန်တင်သွင်းမှု အများဆုံးနိုင်ငံတွေထဲမှာ တခု အပါအဝင် ဖြစ်ပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ၅ နှစ်သက်တမ်းရှိတဲ့ ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်း နှစ်ဖက် လက်မှတ်ရေးထိုးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်တဲ့ အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှုကို ပိတ်ပင်ကန့်သတ်လိုက်တဲ့အတွက် မြန်မာ အပါအဝင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့လို ဆန်တင်ပို့တဲ့ နိုင်ငံတွေကနေ နိုင်ငံတကာဝယ်လက်တွေက ဈေးကောင်းပေး ဝယ်ယူလာနိုင်တယ်လို့ စျေးကွက် စောင့်ကြည်သူတွေက သုံးသပ်ထားကြပါတယ်။
လက်ရှိက မိုးစပါးအသစ်တွေ ဈေးကွက်ထဲ စတင်ဝင်ရောက်လာချိန် ဖြစ်တာကြောင့် စပါးစပေါ်ချိန် အနည်းငယ်ကျရိပ်ပြခဲ့ပေမဲ့ အခုရက်ပိုင်းအတွင်း ဈေးပြန်မာလာတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
“စပါးဈေး ပြန်တက်ပါတယ်။ စပေါ်ကာစက ကျသွားတယ်။ အခု ဈေးပြန်မာလာတာပါ” လို့ ပဲခူးတိုင်း ရေတာရှည်မြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စပါးအစို စက်ကျ တင်း၁၀၀ ကို အနိမ့်ဆုံး ၉ သိန်းကျော်ကနေ အမြင့်ဆုံး ၁၂ သိန်းကျော်အထိ ဈေးရရှိနေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် မိုးစပါးစိုက်ပျိုးချိန်မှာ သွင်းအားစုဈေးကြီးမြင့်နေတာကြောင့် အသုံးနည်းခဲ့ကြလို့ စပါးအထွက်နှုန်း လျော့ကျနိုင်တယ်လို့ လယ်သမားနဲ့ ဆန်စပါးလုပ်ငန်း အသိုင်းအဝိုင်းက သုံးသပ်ထားကြပါတယ်။
ဒါ့အပြင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာလည်း စိုက်ပျိုးရေးကောင်းကောင်း မလုပ်နိုင်တာကြောင့် ဆန်စပါး အထွက်နှုန်း လျော့ကျနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။