မြန်မာနိုင်ငံကနေ သီရိလင်္ကာနိုင်ငံကို စက်တင်ဘာ ၂ ရက်နေ့က ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းလိုက်တယ်လို့ စစ်တပ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ဆန်တန်ချိန် ၁၀၀၀ (အိတ်ရေ ၂၀၀၀၀) ကို ရန်ကုန်မြို့က Asia World Port Terminal မှာ စစ်ကောင်စီခန့်ထားတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
သီရိလင်္ကာပြည်တွေအပေါ် မြန်မာအစိုးရ(စစ်ကောင်စီ)နဲ့ ပြည်သူတွေရဲ့ စာနာမှုကိုပြသတာဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးကို ပိုပြီးတိုးမြှင့် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း စစ်ကောင်စီဝန်ကြီးက ပြောခဲ့တယ်လို့ ဆိုပါတယ်။
သီရိလင်္ကာသံအမတ်ကြီးကလည်း အခုလို လှူဒါန်းဖို့ စီမံပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျေးဇူးအများကြီးတင်ကြောင်း၊ စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံရဲ့လတ်တလော အခြေအနေမှာ အခုလို လှူဒါန်းတာဟာ အထောက်အကူအများကြီးဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း စစ်တပ်သတင်းမှာဖော်ပြပါတယ်။
မြန်မာပြည်တွင်းမှာ လက်ရှိ ဆန်၊ ဆီ၊ ဆား အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်မှုကြောင့် ပြည်သူတွေ စီးပွားရေးကျပ်တည်းနေပြီး စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာပြတ်လပ် ထမင်းနပ်မှန်အောင် မစားနိုင်ဘဲ အခက်အခဲကြုံနေချိန်မှာ အာဏာသိမ််း စစ်ကောင်စီက နိုင်ငံခြားတိုင်းပြည်ကို ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းလိုက်တာဖြစ်ပါတယ်။
Photo- DSINFO
နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရတဲ့သီရိလင်္ကာနိုင်ငံအတွက် မြန်မာနိုင်ငံက လူသားချင်းစာနာတဲ့အနေနဲ့ နိုင်ငံတော် ရန်ပုံငွေထဲကနေ ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
အဲဒီလိုလှူဒါန်းဖို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမမှာ Virtual စနစ်နဲ့ ပြုလုပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
လှူဒါန်းမယ့် ဆန်အမျိုးအစား၊ ဝယ်ယူစုဆောင်းမယ့် အစီအစဉ်၊ ကွန်တိန်နာငှားရမ်းမှု၊ ပေးပို့လှူဒါန်းမယ့်ကာလ၊ ကုန်ကျစရိတ်တွေနဲ့ ပက်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီအစည်းအဝေးကို စစ်ကောင်စီခန့် စီးပွားကူးသန်းဌာန အမြဲတမ်းအတွင်းဝန်နဲ့ ဦးစီးဌာနတွေ ညွှန်ကြားရေးမှူးချုပ်တွေ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ရာရှိတွေနဲ့ ပုဂ္ဂလိကပိုင်းအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ််ပြန်ချက်အရ သိရပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု၊ အကျင့်ပျက်ခြစားမှု၊ လောင်စာဆီနဲ့ ဆေးဝါးတွေ ဆိုးဆိုးရွားရွား ပြတ်လပ်မှုအတွက် လူထုအုံကြွဆန္ဒပြမှုတွေဖြစ်ပွားခဲ့လို့ သမ္မတ နိုင်ငံကနေ ထွက်ပြေးသွားခဲ့ရပြီး နိုင်ငံကိုအရေးပေါ်အခြေအနေကြေညာထားရပါတယ်။
မြန်မာနိုင်ငံမှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားရေး ယိုယွင်းကျဆင်းနေပြီး တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ သန်းနဲ့ချီရှိလာနေပြီး နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ကြိုးစားနေပေမဲ့ စစ်ကောင်စီကတော့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အကူအညီပေးတာ မရှိဘဲ ပိတ်ပင်တားဆီးနေပါတယ်။