နယ်စပ်ကုန်သွယ်ရေးမှာ ဆန်နဲ့ဆန်ကွဲ ပို့ကုန်ကနေရတဲ့ နိုင်ငံခြားငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ထားတဲ့ နှုန်းထားနဲ့ မတ်လ ၁ ရက်က စပြီး မြန်မာကျပ်ငွေနဲ့ မဖြစ်မနေ လဲလှယ်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ပို့ကုန်ပစ္စည်းတွေ အပေါ် မူဝါဒ တစ်ပြေးညီ ကျင့်သုံးဆောင်ရွက်နိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှု ပို့ကုန်ရငွေကိုရာ ပြည်ပပို့ကုန်ရငွေ ကန့်သတ်ချက်ထဲ ထည့်သွင်းလိုက်တာပါ။
အရင်က နယ်စပ်ကုန်သွယ်ရေးမှာ ဆန်/ဆန်ကွဲ ပို့ကုန်ရငွေကလွဲပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရာဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေ တင်ပို့မှုကရရှိတဲ့ ပို့ကုန်ရငွေအပေါ် ၃၅ ရာခိုင်နှုန်းကို ဈေးကွက် ပေါက်စျေး အတိုင်း သုံးစွဲခွင့်၊ လွှဲပြောင်းရောင်းချခွင့်ပြုပြီး ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်စျေးနဲ့ တရက် အတွင်း ကျပ်ငွေ မဖြစ်မနေ လဲလှယ်ရမယ်လို့ ကန့်သတ်ထားတာပါ။
လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ဆန်/ဆန်ထွက်ပစ္စည်းတင်ပို့ရောင်းချရာမှာ ရရှိတဲ့ ပို့ကုန်ရငွေ (နိုင်ငံခြားငွေ) ကို ပို့ကုန်တင်ပို့သူကို ရာနှုန်းပြည့်ထုတ်ယူ အသုံးပြုခွင့်ပေးထားရာက မတ်လ ၁ ရက်နေ့က စပြီး ၃၅ ရာခိုင်နှုန်းကိုသာ ထုတ်ယူသုံးစွဲခွင့်ရှိပြီး ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှန်းထားနဲ့ မြန်မာကျပ်ငွေ မဖြစ်မနေလဲလှယ်ရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ဟာ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေတိုနဲ့ တိုက်ရိုက်ပေးချေ အသုံးပြုခွင့် ပေးထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေးသတ်မှတ်နှုန်းထားဟာ ပြင်ပစျေးကွက် ပေါက်စျေး ကွာဟချက် ရှိတာကြောင့် နယ်စပ်ပို့ကုန် ဆန်၊ ဆန်ကွဲ စျေးကျဆင်းနိုင်တယ်လို့ ကုန်သည်တချို့က သုံးသပ်ထားကြပါတယ်။
ဆန်ကုန်သည်တဦးက “ပြည်တွင်း ဆန်မလုံလောက်လို့ နယ်စပ်ကို ထိန်းချုပ်လိုက်တယ် ထင်ပါတယ်။ အရင်က ဆန်၊ ဆန်ကွဲ ရောင်းရင် ပို့ကုန်ရငွေ ၁၀၀ ရာခိုင်နှုန်းက အပြင်ပေါက်စျေးနဲ့ရတာ၊ အဲလို သတ်မှတ်မယ်ဆိုရင် သတ်မှတ်စျေးနဲ့ပဲ ရတော့မယ်။ အဲဒီ ကန့်သတ်ချက်က ပြည်တွင်း ဆန် ဈေးကွက်အပေါ် သက်ရောက်မှု ရှိမရှိကိုတော့ စောင့်ကြည့်ရမှာ”လို့ ဆိုပါတယ်။
ကုန်သွယ်ရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်မှာ မတ်လ ၁ ရက်နေ့ မတိုင်မီ ကုန်ဖိုးငွေ ကြိုတင်ပေးပို့ထားပြီးဖြစ်တဲ့ ဆန်/ ဆန်ကွဲ ရောင်းချမှုတွေကိုလည်း ကင်းလွတ်ခွင့်မပြုဘူးလို့ ဖော်ပြပါတယ်။
ဆန်စပါးလုပ်ငန်းရှင်တစ်ဦးက “ မတ်လ ၁ ရက်နေ့ကစပြီး နယ်စပ် ဆန်/ဆန်ကွဲ ပို့ကုန်ရငွေတွေ ၆၅/ ၃၅ ဖြစ်မယ်။ ငွေကြိုသွင်းလည်း ခွင့်မပြုဘူး” လို့ ပြောပါတယ်။
တဖက်မှာလည်း အထွေထွေကုန်ကျစရိတ်တွေကြောင့် စိုက်ပျိုးစရိတ် လေးဆလောက် ပိုကုန်ကျခဲ့ရတဲ့ စပါးစိုက်တောင်သူတွေကတော့ စပါးဈေးကျဆင်းမှာကို စိုးရိမ်နေကြပြီး နောက်တစ်ဖက်မှာလည်း မကြုံစဖူးထူးကဲ မြင့်တက်နေတဲ့ မြန်မာပြည်တွင်း ဆန်စျေးနှုန်းတွေကြောင့် ဝင်ငွေနည်းပါးတဲ့ အခြေခံပြည်သူတွေ အခက်တွေ့နေကြပါတယ်။
၂၀၂၁−၂၀၂၂ နှစ်၀က်ဘတ်ဂျက် ပထမသုံးလအတွင်း ပြည်ပကို မြန်မာ့ဆန်နဲ့ဆန်ကွဲ တန်ချိန် ၈ သိန်းကျော် တင်ပို့ရောင်းချထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ရဲ့ ထုတ်ပြန်ထားချက်အရ နှစ်ဝက်ဘတ်ဂျက်ရဲ့ ပထမဆုံးလဖြစ်တဲ့ အောက်တိုဘာလအတွင်း ကုမ္ပဏီ ၃၂ ခုက ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ သိန်း ၁ သောင်းကျော် တင်ပို့ခဲ့ပြီး နို၀င်ဘာလမှာ ကုမ္ပဏီ ၃၄ ခုက တန်ချိန် ၂ သိန်း ၈ သောင်းကျော် တင်ပို့ရောင်းချခဲ့ကာ၊ ဒီဇင်ဘာလမှာ ကုမ္ပဏီ ၃၉ ခုက တန်ချိန် ၃ သိန်းကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
အဲဒီကိန်းဂဏန်းတွေအရ ပြည်ပနိုင်ငံတွေကို မြန်မာ့ဆန်နဲ့ဆန်ကွဲ တင်ပို့ရောင်းချနိုင်မှုက တစ်လထက်တစ်လ ပိုမိုမြင့်တက်လာပါတယ်။
ကိုဗစ်ကပ်ရောဂါ အကြောင်းပြ ကန့်သတ်ချက်တွေကြောင့် တရုတ်နယ်စပ်အထွက် နည်းပေမဲ့ ပင်လယ်ရေကြောင်း တင်ပို့မှု အားကောင်းနေတာကြောင့် တင်ပို့မှု မြင့်တက်လာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တင်ပို့ရောင်းချရာမှာ နယ်စပ်လမ်းကြောင်းနဲ့ ပင်လယ်ရေကြောင်း နှစ်ခုစလုံးကနေ တင်ပို့နေတာပါ။
သုံးလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုကနေ ပြည်ပနိုင်ငံတွေကို ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက တန်ချိန် ၇ သိန်းခွဲကျော်ရှိပြီး၊ နယ်စပ်ကနေ အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့မှုက တန်ချိန် ၄ သောင်းခွဲကျော်သာရှိပါတယ်။ ရာခိုင်နှုန်းအရ ၉၅ ရာခိုင်နှုန်းနီးပါး တင်ပို့ရောင်းခဲ့တာဖြစ်ပြီး၊ ကျန် ၅ ရာခိုင်နှုန်းကျော်ကိုသာ နယ်စပ်လမ်းကြောင်းကနေ တင်ပို့ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၇ ရက်နေ့မှာ မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံ နှစ်နိုင်ငံကြား ရေးထိုးခဲ့တဲ့ ဆန်တင်ပို့ရောင်းချမှုဆိုင်ရာ နှစ်နိုင်ငံဘဘောတူစာချုပ်အရ မြန်မာနိုင်ငံကနေ သီရိလင်္ကာနိုင်ငံကို ဆန်ဖြူတန်ချိန် တစ်သိန်း၊ ပေါင်းဆန် တန်ချိန်ငါးသောင်း တို့ကို ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း တင်ပို့သွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကနေ ဆန်နဲ့ဆန်ကွဲကို ပြည်ပတင်ပို့မှုမှာ တရုတ်နိုင်ငံကို ပမာဏ အများဆုံးတင်ပို့ခဲ့တာဖြစ်ပြီး၊ နယ်သာလန်၊ အိုင်ဗရီကို့၊ ဖိလစ်ပိုင်၊ ဘယ်လ်ဂျီယံနဲ့ နိုင်ဂျီးရီး ယားနိုင်ငံတွေအပါအ၀င် နိုင်ငံများစွာကိုလည်း တင်ပို့နေတာဖြစ်ပါတယ်။
ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်တဲ့စာရင်းအရ မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်မှာ ပြည်ပနိုင်ငံတွေကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး အဲဒီကနေ ပို့ကုန်၀င်ငွေ အမေရိကန် ဒေါ်လာသန်း ၇၉၇ သန်းကျော် ရရှိခဲ့ပါတယ်။
၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ တန်ချိန် ၁ဒသမ ၈သန်းကျော်သာ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ကျော်သာ ရရှိခဲ့ပါတယ်။