မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က လက်ရှိ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ မြန်မာ့ဆန်နဲ့ဆန်ကွဲ တင်ပို့မှုကနေ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိဖို့ မျှော်မှန်းထားတာကြောင့် စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေရဲ့ အကျိုးစီးပွားကိုလည်း ကြည့်ပေးသင့်တယ်လို့ လယ်သမားအရေးလှုပ်ရှားသူတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ပြည်ပဈေးကွက်ဆီ မြန်မာ့ ဆန်နဲ့ဆန်ကွဲ တင်ပို့မှုက နှစ်စဉ် ဆန်တန်ချိန် ၂ သန်းကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်(ဧပြီလ မှ မတ်လကုန် အထိ)က တန်ချိန် ၂,၁၆၄,၆၈၁ တင်ပို့ခဲ့ပြီး ပို့ကုန်ရ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၈၀၉ ဒသမ ၁ သန်းကျော် ရရှိ ခဲ့ပါတယ်။
အလားတူ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်(ဧပြီလ မှ မတ်လကုန်အထိ)မှာလည်း တန်ချိန် ၂၂၆၁၂၀၃ တင်ပို့ခဲ့ပြီး ပို့ကုန်ရ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅၃ ဒသမ ၄ သန်းကျော် ရရှိထားပါတယ်။
ဒါကြောင့် ယခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် ၂သန်းခွဲကို တင်ပို့နိုင်ဖို့ မျှော်မှန်းထားပြီး ပို့ကုန်ရ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ (၁ ဘီလီယံ) ရရှိဖို့ ရည်မှန်းထားတဲ့အကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။
ပြည်ပဈေးကွက်ဆီ မြန်မာ့ဆန်နဲ့ဆန်ကွဲ တင်ပို့မှုပမာဏက နှစ်စဉ် တန်ချိန် ၂သန်းကျော် တင်ပို့နိုင်ပြီး နိုင်ငံခြားဝင်ငွေ ရရှိမှု လည်း တိုးတက်လာပေမယ့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေရဲ့ဘဝကတော့ ပြောင်းလဲလာမှု မရှိသေးဘူးလို့ လယ်သမားအရေးလှုပ်ရှားသူတွေက ထောက်ပြထားပါတယ်။
“(Exporters)ပို့ကုန်သမားကြီးတွေဟာ သူတို့ လုပ်နိုင်တဲ့ စွမ်းရည်နဲ့ လုပ်ကြတာဖြစ်လို့ သူတို့နဲ့ ထိုက်တန်တဲ့ အကျိုးအမြတ်ကို ခံစားကြရတယ်။ ဒါကို တောင်သူတွေဘက်က နားလည်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ ဆန်စပါးထုတ်လုပ်တဲ့ တောင်သူတွေဘက်က အရှုံးပေါ်ခဲ့ရတယ်။ ဘာလို့အရှုံးပေါ်ခဲ့ရလဲ၊ ဈေးကွက်က မတရားနှိမ်တဲ့ အတွက်ကြောင့်လေ။ ပြီးခဲ့တဲ့ နှစ်တွေမှာ ထုတ်လုပ်မှု ကုန်ကျမှုစရိတ်နဲ့ ဈေးကွက်ကလည်း အကျိုးအမြတ်မရှိတဲ့ အခြေအနေဖြစ်ခဲ့လို့ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေ တော်တော်လေး နလန်မထူ ဖြစ်ခဲ့ရတယ်။ အခု ဒီနှစ်မှာတော့ တောင်သူတွေဟာ ပြီးခဲ့တဲ့ မိုးစပါးရာသီ ကစပြီး အနည်းအကျဉ်းတော့ အကျိုးခံစားခွင့်လေး ရလာတယ်လို့ ဆိုနိုင်ပေမဲ့ ငွေလုံးငွေရင်း အကြီးသမားကြီးတွေရဲ့ အကျိုးအမြတ်နဲ့ယှဉ်ရင်တော့ တခြားစီပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါကြောင့် စိုက်ပျိုးထုတ်လုပ်တဲ့ လယ်သမားတွေအတွက် ထိုက်သင့်တဲ့ အကျိုးအမြတ် ခံစားခွင့် ရရှိဖို့က ဈေးကွက်ကို မတရား ဖိနှိမ်မှု မရှိအောင် ဖန်တီးပေးနိုင်ဖို့ လိုတယ်လို့ စိုက်ပျိုးရေးသုတေသီတဦးကလည်း သုံးသပ်ထားပါတယ်။
“ဆန် ၁ တန်ကို ဒေါ်လာ ၃၂၀ ဈေး ရှိခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ကာလတွေတုန်းက ကုန်သမားကြီးတွေက ဆန် ၁ တန် အပေါ်မှာ ဒေါ်လာ ၁၀၀ နီးပါး အမြတ်ယူခဲ့တော့ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေအပေါ်မှာ အကျိုးအမြတ် ဘယ်ကျန်ပါတော့ မလဲ။ အခုအချိန်မှာတော ဆန် ၁ တန်ကို ဒေါ်လာ ၄၀၀ ကျော် ရှိတာကြောင့် ပို့ကုန်သမားကြီးတွေက ဆန် ၁ တန် အပေါ်မှာ ဒေါ်လာ ၂၀ လောက် အမြတ်ယူပြီး စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူအတွက် မျှမျှတတ လုပ်ပေးသင့်တယ်။ ဘာလို့လဲဆို သူတို့က ဆန်တန်ချိန် သိန်းနဲ့ချီပြီး နိုင်ငံခြား ပို့နိုင်တဲ့ သူတွေဖြစ်တာကြောင့် အကျိုးအမြတ်က ရှိပါတယ်။ ဒါပေမဲ့ လက်လီ ရောင်းနေတဲ့ သူတွေရဲ့ အမြတ်အစွန်း ပုံစံမျိုး မယူဘဲ လက်ကားသမား တယောက်လို ငါးမူးစား တကျပ်စားရင်တောင် ချမ်းသာ နိုင်ပါတယ်။ ဒါကြောင့် ပြောရရင် စပါး ပေါ်တဲ့အချိန်မှာ သူတို့က ဈေးကွက်ကို မတရား လိုက်နင်းတဲ့အတွက် ထုတ်လုပ်တဲ့ တောင်သူတွေက စိတ်ပျက်ပြီး မထုတ်လုပ်တော့ရင် သူတို့အတွက်လည်း အကျိုးအမြတ် လျှော့စေပါတယ်။ ဒါဆို တိုင်းပြည်အတွက်လည်း နိုင်ငံခြားဝင်ငွေ လျှော့နည်းစေမှာ ဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မြန်မာ့ဆန်နဲ့ဆန်ကွဲတွေကို ပြည်ပဈေးကွက်အနေဖြင့် တရုတ်၊ ဖိလစ်ပိုင်၊ ဂျပန်၊ ဥရောပသမဂ္ဂ(အီးယူ)၊ အင်ဒိုနီးရှား၊ မလေးရှား၊ သီရိလင်္ကာ၊ အာဖရိက နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ တင်ပို့နေတာဖြစ်ပါတယ်။
PHOTO-MOI
ချင်းပြည်နယ်အတွင်း အခြေခံစားသောက်ကုန် ဆန်နဲ့ ကုန်ခြောက်တွေ ပြတ်လပ်နေပြီး လက်လုပ်လက်စား အခြေခံလူတန်းစားတချို့ ချက်စရာဆန် မရှိတဲ့အတွက် ဆန်ပြုတ်ကျိုချက် စားသောက်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဒေသခံတဦးက “ဆိုင်တွေမှာ ဆန်မရှိတော့ဘူး။ ဒီဇင်ဘာလလောက်ကတည်းက ကြိုတင်ဝယ်ထားတဲ့သူတွေမှာတော့ ဆန်ရှိကြမှာဖြစ်ပေမဲ့ ကြိုတင်ဝယ်မထားနိုင်တဲ့ တနေ့လုပ်မှ တနေ့စားရတဲ့သူတွေ အခက်ကြုံနေရတယ်။ မတူပီမြို့မှာ ဆန်ပြတ်လပ်နေတာ ၃ လကျော်လောက်ရှိပြီ” လို့ ပြောပါတယ်။
မတူပီမြို့ကို တခြားကျေးရွာတွေကနေ ဆန်လာရောင်းကြတယ်။ တချို့ကတော့ အုပ်ချုပ်ရေးမှူးဆီကနေ ထောက်ခံစာယူပြီး ကိုယ်တိုင်သွားဝယ်ကြတယ်။ ကျေးရွာတွေကနေ သယ်လာတဲ့ ဆန်တွေကိုတော့ စစ်တပ်က မဖမ်းဘူး။ ဆန် ၁ ပုံးကို ၃၅,၀၀၀/၄၀,၀၀၀ ကျပ်ဈေးနဲ့ ဝယ်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ စက်သုံးဆီ ပြတ်လပ်နေပြီး ဒီဇယ် ၁ ပေပါကို ၈ သိန်းကျပ်ဝန်းကျင်ထိ ဈေးပေါက်နေပေမဲ့ လိုချင်သလောက် ဝယ်လို့မရဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
ရွှေလုပ်ငန်းရှင်တဦးက “အရင်က ၂ သိန်းကျော် ၃ သိန်းဝန်းကျင်ကနေ အခုဆို ၈ သိန်းကျော်ထိ ဈေးရှိတယ်။ ဒီဇယ်ဈေးကတက်ပြီး ရွှေဈေးကကျနေတော့ တချို့ ရွှေမျောလုပ်ငန်းတွေ မလည်ပတ်နိုင်တော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
လောင်စာဆီသယ်ယူရာ လမ်းကြောင်းတလျှောက်မှာ စစ်ဆေးရေးဂိတ်တွေ များပြားပြီး ဆီပေပါတလုံးကို ၅,၀၀၀ ကနေ ၁၀,၀၀၀ ကျပ်အထိ ပေးကာ သယ်ယူနေရပြီး သယ်ယူစရိတ်မြင့်တက်ကာ ဖြတ်သန်းခွင့် ပိတ်ပင်ထားရင် လမ်းမှာ ရက်ကြာတာတွေလည်း ရှိတယ်လို့ လောင်စာဆီရောင်းဝယ်ရေး လုပ်ကိုင်သူတွေထံက သိရပါတယ်။
“လမ်းမှာ ဂိတ်တွေ တအားများတယ်။ စစ်တပ်ဂိတ်၊ ပျူစောထီးဂိတ်၊ PDF ဂိတ်၊ တိုင်းရင်းသားလက်နက်ကိုင်ဂိတ်၊ အစုံရှိတယ်။ PDF ဂိတ်က စစ်ဆေးမေးမြန်းတာလောက်ပဲ လုပ်တယ်။ စစ်တပ်နဲ့ တခြားဂိတ်တွေကတော့ မထင်ရင် မထင်သလို ငေါက်ငမ်းပြီး ငွေတောင်းတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ကုန်သည်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေရင် စစ်ကိုင်းတိုင်းအတွင်းရှိ လမ်းပိုင်းတွေ မကြာခဏ လမ်းအသုံးပြုခွင့် တားဆီးတဲ့သတင်းကို PDF တပ်ဖွဲ့တွေက ထုတ်ပြန်လေ့ရှိပါတယ်။