close

ဆယ်ဇင်းရွာ

close

January 26, 2023

ယင်းမာပင်တွင် တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မည်ကိုစိုးရိမ်ပြီး ဆယ်ဇင်းရွာသားများ တိမ်းရှောင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က မြရိပ်ကျေးရွာကို မီးရှို့ပြီး အနီးက မြရိပ်တောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်တဲ့ တပ်ပေါင်းစုတို့ ဒီနေ့မနက်က ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားကျရှုံးခဲ့တယ်လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ယင်းမာပင်မြို့ကနေ သိရပါတယ်။

ဒီနေ့မနက်ပိုင်းက ဒေသကာကွယ် ရေး တပ်ပေါင်းစုတွေ ရှိနေတဲ့ မြရိပ်တောင်ကုန်းကို စစ်ကောင်စီတပ်က နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုး တိုက်ခိုက်လာတဲ့အတွက် တပ်ပေါင်းစုနဲ့ မီတာ ၂၀ အကွာကနေ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ရှိနေတဲ့ တောင်ကုန်းကို သူတို့က နှစ်ဘက်ညှပ်ပြီးဝိုင်းပြီး တက်လာတာပါ။ ကျနော်တို့က အပေါ်ကနေဆိုတော့ အပိုင်ပစ်နိုင်ခဲ့တာပေါ့နော်။ တိုက်ပွဲကပြင်းထန်တယ်လို့ ပြောလို့ရပါတယ်၊ ကျနော်တို့နဲ့ မီတာ ၂၀ အကွာလောက်ကနေပဲဆိုတော့ မြင်နေရတယ်။ ကျနော်တို့ဘက်က စစ်ရေးဗျူဟာတွေပြောင်းပြီး တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အကျအဆုံးတွေ များစွာရှိပါတယ်။ ကျနော်တို့ဘက်ကတော့ မစိုးရိမ်ရဒဏ်ရာတွေတော့ ရခဲ့ပါတယ်" လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ယင်းမာပင်မြို့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်  စစ်ကောင်စီတပ်တွေက ယင်းမာပင်မြို့နယ် အောင်ချမ်းသာကျေးရွာမှာ ဒီကနေ့ ညအိပ်ဖို့ ယာယီတပ်စွဲထားတာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွေ့နေထိုင်ကြဖို့ သတိပေးထားတယ်လို့လည်း သိရသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုက်ပွဲအများအပြားဖြစ်ပွားခဲ့တဲ့အတွက် တနိုင်ငံလုံးမှာ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံး ဒေသတခုဖြစ်သလို စစ်ရှောင်အများဆုံးဒေသတခုလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ဆယ်ဇင်းကျေးရွာနေ ပြည်သူတွေ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ဆယ်ဇင်းရွာနားမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲက ရွာနားမှာကော၊ ရွာနဲ့ ၇ မိုင်လောက်ဝေးတဲ့ နေရာမှာကော တိုက်ပွဲတွေ ဖြစ်နေတာဆိုတော့ လေကြောင်းတိုက်ခိုက်မှုတွေရှိမှာစိုးလို့ ထွက်လာကြတာ၊ လူဦးရေက ၄၀၊ ၅၀ ပေါ့။ လွန်ခဲ့တဲ့ ရှစ်လပိုင်းက တရွာလုံးရှောင်ကြတာကနေ ပြန်ပြီး အခြေချဖို့ လုပ်နေကြတာ၊ တိုက်ပွဲတွေ ပြန်ဖြစ်လာတော့ ပြန်ထွက်လာကြတာပေါ့လေ။”

မနက် ၄ နာရီဝန်းကျင်လောက်က ဆယ်ဇင်းကျေးရွာနဲ့ ၇ မိုင်လောက်ဝေးတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေတွင်းအုပ်စု ပန်ချယ်ဘုရားနားမှာရှိတဲ့ SNA တပ်စခန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်သိမ်းယူခဲ့သလို စစ်ကိုင်းတိုင်းအခြမ်း ဆယ်ဇင်းရွာ ကပ်ရပ်က မံစိမ်းကြိုးတံတားထိပ်မှာရှိတဲ့ SNA တပ်စခန်းကိုလည်း သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆယ်ဇင်းကျေးရွာက ပြည်သူတွေဟာ နိုဝင်ဘာလလောက်ကတည်းက နေရပ်ပြန်ပြီး နေထိုင်နေတာ ဖြစ်ပါတယ်။ ဆယ်ဇင်းကျေးရွာဟာ လွန်ခဲ့တဲ့ ၈ လပိုင်းလောက်က တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နေအိမ်ရာချီ မီးရှို့ခံရကာ ပြည်သူ ၃၀ ဝန်းကျင် သေဆုံးခဲ့ရပါသေးတယ်။

10 hours Ago

July 18, 2022

ဖားကန့်မြို့နယ် ဆယ်ဇင်း‌ရွာတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးမှာ ဇူလိုင် ၁၈ ရက်နေ့ မနက် ၉ နာရီဝန်းလောက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြစ်ကြီးနားအခြေစိုက် လေတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွေက ပြောပါတယ်။

“မနက်က လေယာဉ်နဲ့ပတ်ပြီး ငါးခါလောက် လာပစ်တာ။ ဗုံးကတော့ ချတာ ဆယ်လုံးကျော်လောက် ရှိမယ်။ ဆယ်ဇင်းမှာ နေတဲ့သူတွေကို မနေကြဖို့ ကေအိုင်အေက ကြိုပြောတယ်။ မထွက်ဘဲနေကြတဲ့သူတွေ အခုပိတ်မိနေပြီ” လို့ ဒေသခံဦးက ပြောပါတယ်။

ဇူလိုင် ၁၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တာဝါတိုင်ကုန်းအနီးရှိ နေအိမ်တလုံး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့တယ်လို့ ရွာခံတဦးက ပြောပါတယ်။

“မနေ့က မနက်ငါးနာရီလောက် အဲ့ဒီတာဝါတိုင်ကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ ကေအိုင်အေက အဲဒီတာဝါတိုင် စစ်တပ်ကုန်းကို လာတိုက်တော့ လေယာဉ်နဲ့လာကူပစ်တာ” လို့ တိုက်ပွဲအတွင်း ပိတ်မိနေသူတဦးက ပြောပါတယ်။ 

တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်လို့ အနီးအနားရှိ ကျေးရွာတွေမှာ နေထိုင်သူတွေ ဆယ်ဇင်းကျေးရွာက ဘုန်းကြီးကျောင်းနဲ့ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ မနက်ကစတင်ပြီး စစ်ကောင်စီ ခြေလျင်တပ်ရင်း ခ.လ.ရ (၄၂)၊ (၇၆) နဲ့ ကေအိုင်အေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး နှစ်ဖက်တပ်တွေ သတင်းထုတ်ပြန်တာ မရှိသေးသလို ထိုခိုက်သေဆုံးစာရင်းနဲ့ လက်နက်သိမ်းဆည်းရမိ အခြေအနေကို DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဟုမ္မလင်းမြို့နယ်အစပ် ရွှေပြည်မြင့်ကျေးရွာမှာလည်း ပစ်ခတ်တိုက်ခိုက်နေပြီး သေနတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

6 months Ago
Up