close

ဆယ်ဇင်း

close

August 25, 2022

ဆယ်ဇင်းကျေးရွာတွင် ပိတ်မိနေသည့် အရပ်သား ၆ ဦးကို စစ်တပ်က အဓမ္မခိုင်းစေပြီး ပစ်သတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ပိတ်မိနေတဲ့ အရပ်သားပြည်သူ ၆ ယောက်ကို ကျေးရွာအတွင်း တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေက ဩဂုတ် ၂၄ ရက်မှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ကာ ဥရုချောင်းအတွင်း ပစ်ချလိုက်တယ်လို့ ထွက်ပြေး လွတ်မြောက်လာသူတယောက်က ပြောပါတယ်။

ပုန်းခိုနေတဲ့ရွာသားး  ၆ ယောက်ဟာ ဩဂုတ် ၂၂ ရက်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရကာ ၂ ရက်လောက် ခိုင်းစေခံရပြီးနောက်  အသတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတယောက်က “ရွာထဲမှာ ပုန်းခိုကျင်းတူးပြီး ပုန်းခိုကျန်ရှိနေတဲ့ ပြည်သူ ၆ ယောက်ကို သေနတ်နဲ့ပစ်သတ်ပြီး ဥရုချောင်းထဲ‌ မျှောပစ်လိုက်တယ်။ သူတို့(စစ်ကောင်စီတပ်)က ဆယ်ဇင်းမှာ ပြည်သူတွေ ပစ်ထားခဲ့တဲ့ ပစ္စည်းတွေကို သုံးဘီးနဲ့ သယ်ခိုင်းတယ်။ သယ်ခိုင်းပြီးတော့ သတ်ပစ်လိုက်တာ” လို့ ပြောပါတယ်။

သတ်ဖြတ်အ‌လောင်းဖျောက်ခံရသူ ရွာသား ၆ ယောက်ထဲမှာ ကျော်ဇောနဲ့ အိုက်ခဲတို့ နှစ်ယောက်ရဲ့ နာမည်ကိုသာ သိရှိရပြီး ကျန် ၄ ယောက်ရဲ့ အမည်ကိုတော့ မသိရသေးဘူးလို့ ဒေသတွင်း သတင်းရင်းမြစ်က ဆိုပါတယ်။

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှာ  အခုလတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကာ  စားဝတ်နေရေး ခက်ခဲနေတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။ 

10 hours Ago

August 17, 2022

တိုက်ပွဲကြောင့် ဖားကန့်၊ ဆယ်ဇင်းကျေးရွာမှ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂၀၀၀ ကျော်ရှိလာဟု ကုလပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားများတပ်မတော်ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ဆယ်ဇင်းကျေးရွာကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ လူဦးရေဟာ ၂,၀၀၀ ကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိသလို အိမ်ခြေ အနည်းဆုံး ၃၀၀ လောက် မီးသင့်ခဲ့တဲ့အတွက် အိမ်ထောင်စု ၅၀၀ လောက် ထိခိုက်ခဲ့ကြရပြီး ဆယ်ဇင်းကျေးရွာအတွင်းမှာ ပိတ်မိနေသူတွေလည်း ရှိနေသေးတာကြောင့် အိုးအိမ်စွန့်ခွာရသူ အရေအတွက်ဟာ ဒီ့ထက်ပိုများလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လတ်တလောမှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူတွေဟာ ဖားကန့်မြို့နယ်က တာမခံနဲ့ ဟောင်ပါးကျေးရွာတွေမှာရှိတဲ့ တိုက်ပွဲရှောင်စခန်း ၆ ခုမှာ အများဆုံးရောက်နေကြပြီး သူတို့ကို ဒေသခံ မိတ်ဘက်အဖွဲ့အစည်းတွေကနေတဆင့် လိုအပ်တဲ့ အကူအညီတွေ စတင်ပေးနေပြီ ဖြစ်သလို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးဟာလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက်ပေးနိုင်ရေး သေချာစေဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း အမျိုးမျိုးနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အဆိုပါဒေသအတွင်း ဇူလိုင်လကုန်လောက်ကစပြီး ပြင်းထန်လာတဲ့ တိုက်ပွဲတွေဟာ စိုးရိမ်စရာ ဖြစ်လာနေပြီး မြန်မာနိုင်ငံတဝန်းက ပြည်နယ်နဲ့ တိုင်းဒေသကြီး အများအပြားမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၈ ရက်အထိ နောက်ဆုံးရရှိထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံတဝန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ ဒသမ ၂ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ အများဆုံး စံချိန်တင်ခဲ့တယ်လို့ (UNOCHA) က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၈၆၆,၀၀၀ ယောက်နဲ့ အဲဒီမတိုင်မီ ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ် စွန့်ခွာသူ ၃၄၆,၀၀၀ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းယူပြီးကတည်းက လူ ၄၁,၉၀၀ ဦးဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

1 week Ago
Up