ရန်ကုန်မြို့ရှိ ဆေးရုံတွေမှာ ဆေးဝါးကုသမှုခံယူနေရတဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဆေးရုံလေးခုမှာ စာမေးပွဲဖြေဆိုခွင့်ရမယ်လို့ ပညာရေးအသိုက်အဝန်းကနေ သိရပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးက ကျန်းမာရေးမကောင်းလို့ ဆေးဝါးကုသမှု ခံယူနေရတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနဲ့ သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနဲ့ ဝေဘာဂီအထူးကုဆေးရုံကြီးတို့မှာ စာမေးပွဲဖြေဆိုရမယ်လို့ ပညာရေးဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
“စာမေးပွဲမတိုင်မီကတည်းက ဆေးရုံတက်နေရတဲ့ ကလေးတွေရှိတယ်။ သူတို့တက်နေတဲ့ ဆေးရုံက ဆေးလူမှုဆက်ဆံရေးဌာနမှာ စာရင်းပေးပြီး ဖြေရမှာ။”
မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးနဲ့ အနီးတဝိုက်မှာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်၊ ရဲနဲ့ မီးသတ်တွေ လုံခြုံရေးယူထားတယ်လို့ ကျောင်းသားမိဘတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကလေးတွေ စာမေးပွဲဖြေနေတဲ့အချိန် သေနတ်တွေနဲ့ စောင့်နေတာတော့ စိတ်ထဲ မလုံခြုံသလို ခံစားရတယ်။ ကလေးတွေအတွက်လည်း စိုးရိမ်တာတွေရှိတာပေါ့။ လုံခြုံရေးဆိုလည်း စာစစ်ဌာနနဲ့ မလှမ်းကမ်းမှာ စောင့်သင့်တယ်။”
ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စနစ်ဟောင်း သင်ရိုးဟောင်းရဲ့ နောက်ဆုံးစာမေးပွဲဖြစ်ကာ ကျရှုံးထားသူတွေနဲ့ မဖြေဆိုရသူတွေလည်း ပြန်လည်ဖြေဆိုနိုင်မှာဖြစ်ပြီး ဒီနှစ်ဖြေဆိုသူ ၁၈၀,၀၀၀ ကျော်ရှိတယ်လို့ ပညာရေးအသိုက်အဝန်းကနေ သိရပါတယ်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ရန်ကုန်တိုင်းအတွင်းရှိ စာဖြေဌာန ၁၀၅ ခုမှာ ကျောင်းသား ၂၂,၂၉၂ ဦးနဲ့ ကျောင်းသူ ၁၅,၂၆၈ ဦး၊ စုစုပေါင်း ၃၇,၅၆၀ ဦး ဖြေဆိုခဲ့ပြီး တနိုင်လုံးအတိုင်းအတာအနေနဲ့ ၃၁၂,၂၉၉ ဦး ဖြေဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့ အ.ထ.က (၂) ကျောင်းမှာ ဇွန်လ ၂၁ ရက်က ဆယ်တန်းကျောင်းသား တယောက်ကို အတန်းတူကျောင်းသားသုံးယောက်က ကြိုးနဲ့တုပ်ဖမ်းဆီး အနိုင်ကျင့်ခဲ့တယ်လို့ ကျောင်းသားရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။
ချုပ်နှောင်ဖမ်းဆီးခံရသူဟာ ရွှေဇားကျေးရွာနေ ကျောင်းသား အာဇိမ်ခါန်း ဖြစ်ပြီး သူ့ကို ကြိုးနဲ့တုပ်ခဲ့သူတွေကတော့ မြို့မတောင်ရပ်ကွက်နေ အဒူရော်မန်နဲ့ သူ့ရဲ့ သူငယ်ချင်း နှစ်ယောက်တို့ ဖြစ်ကြပါတယ်။
စာမသင်တဲ့ ကျောင်းခန်းအလွတ်ထဲမှာ အဒူရော်မန် အပါအဝင် သူငယ်ချင်း ၃ ယောက်က အာဇိမ်ခါန်းကို ဖမ်းဆီးပြီး ပါးစပ်၊ ခြေ၊ လက်တွေကို ကြိုးနဲ့ချည်နှောင်ကာ ဆာလာအိတ်ထဲ ထည့်ပြီး ဝှက်ထားကြတာဖြစ်တယ်လို့ ကာယကံရှင်ဖြစ်သူက ပြောပါတယ်။
အာဇိမ်ခါန်းရဲ့ ဖခင်ဖြစ်သူ နုရုလ်ဟောက်က “ကျနော့်သားကို သူတို့က ကြိုးတွေချည်နှောင်ပြီး အိပ်မှာ ထည့်ဝှက်ထားကြတာ။ ကျောင်းလွှတ်လို့ သူ့ကိုရှာလို့မရတဲ့ သူငယ်ချင်းတစ်ယောက်က ဆရာ၊ ဆရာမတွေကို သွားတိုင်လို့ လိုက်ရှာကြတဲ့အခါမှတွေ့ကြတာ။ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာလဲတော့ မသိဘူး။ နောက်ဆယ်မိနစ်လောက် ရှာမတွေ့ရင် သေသွားနိုင်တယ်”လို့ ပြောပါတယ်။
အဆိုပါကျောင်းသားတွေဟာ အ.ထ.က(၂) ဒသမတန်း E အခန်းမှာ တခန်းတည်းအတူ ပညာသင်ယူနေကြသူတွေဖြစ်ပြီး အခုလို အနိုင်ကျင့်ခံနေရတာကြပြီ ဖြစ်တယ်လို့ ဖမ်းဆီးချုပ်နှောင်ခံရသူ အာဇိမ်ခါန်းက ပြောပါတယ်။
“သူတို့က မိဘချမ်းသာတယ်ဆိုပြီး ကျနော့်ကို အုပ်စုဖွဲ့ပြီး အနိုင်ကျင့်နေကြတာ ကြာပါပြီ။ ဆရာ၊ ဆရာမတွေကိုတိုင်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာကြောင်း မတိုင်ဝံ့ခဲ့ပါ။”
အာဇိမ်ခါန်း အခုလို အနိုင်ကျင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာ ဟုတ်မှန်ကြောင်း အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း အတည် ပြုပြောဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အ.ထ.က (၂) ကျောင်းအုပ်ကြီးက “တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ကြပြီး ကြိုးနဲ့ချည်နှောင်မှုတွေတော့ ရှိခဲ့ပါတယ်။ အဲဒီကိစ္စကို ကျောင်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ရဲ့ ကျောင်းကသတ်မှတ်ထားတဲ့ ပြစ်ဒဏ်ပေးထားပါတယ်။ နောက်နောင် အခုလို မဖြစ်လာစေဖို့ ကြိုတင် တားဆီးမှုတွေ ဆောင်ရွက်ထားပါတယ်” လို့ပြောပါတယ်။
ဖမ်းဆီးချုပ်နှောင်ခံရတဲ့ ကျောင်းသားမိဘတွေကတော့ တဖက်က ချမ်းသာတဲ့ ဂုဏ်ရှိန်ကြောင့် သားဖြစ်သူကို ထပ်မံရန်ငြိုးထားပြီး အသက်အန္တရာယ်ပြုလုပ်လာမှာကို စိုးရိမ်နေကြပါတယ်။