close

ဆရာဂျီး မုန့်ဟင်းခါးဆိုင်

close

January 30, 2022

မန္တလေးမြို့က ဆရာဂျီးမုန့်ဟင်းခါးဆိုင်ကို စစ်တပ် ဝင်စီး၊ ဆိုင်ရှင်ကို စစ်ဖိနပ်ဖြင့်နင်းပြီး ဖမ်းဆီး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၈ လမ်း၊ လမ်း ၇၀ နဲ့ ၇၁ လမ်းကြားရှိ ဆရာဂျီး မုန့်ဟင်းခါးဆိုင်ကို ဇန်နဝါရီ ၃၀ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ဒီလို ဝင်ရောက်စီးနင်းပြီး ဆရာဂျီး မုန့်ဟင်းခါးဆိုင် ပိုင်ရှင်ဖြစ်တဲ့ ဦးအောင်ဌေးကို လက်ထိတ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံဖိုင်ထဲမှာတော့ ဆိုင်ရှင်ဖြစ်သူလို့ ယူဆရ‌တဲ့ ဦးအောင်ဌေးကို လက်နဲ့ရိုက်ပြီး မှောက်လျားထိုးခိုင်း၊ စစ်ဖိနပ်နဲ့နင်းကာ လက်ထိတ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားတာ တွေ့ရပါတယ်။

အလားတူ အမျိုးသမီးတဦးကိုလည်း မှောက်ခိုင်းသလို ဆိုင်ရဲ့ အပေါ်ထပ်ကိုလည်း သေနတ်ကိုင် စစ်ကောင်စီတပ်သားတွေက တက်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အသံတိတ်သပိတ်ကို အားပေးထောက်ခံပြီး လူမှုကွန်ရက်မှာ ရေးတင်တာနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ဂုဏ်သိက္ခာကျအောင် လူမှုကွန်ရက်မှာ ရေးသားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်း ဖမ်းဆီးသွားတာလို့ သိရပါတယ်။

‘ပြည်တော်ဝင်ဖို့ ရုန်းကြစို့’ဆိုတဲ့ အသံတိတ် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ပြုလုပ်မှာဖြစ်ပါတယ်။

ဒီလို အသံတိတ်လှုပ်ရှားမှုမှာ ပါဝင်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုင်ပိတ်မယ့်အကြောင်း လူမှုကွန်ရက်မှာ ရေးတင်တဲ့ ဆိုင်တချို့ကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် မတရား ဝင်ရောက် ဖမ်းဆီးတာနဲ့ ဆိုင်တွေကို ချိပ်ပိတ်တာတွေ လုပ်နေပါတယ်။

12 hours Ago
Up