close

ဆရာမ

close

March 14, 2023

စစ်တွေတက္ကသိုလ်ကျောင်းသူ ၁ ဦးကို ဆရာမက ကိုယ်ထိလက်ရောက်စော်ကားမှု ကျောင်းသား သမဂ္ဂရှုတ်ချ

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ် Day စာမေးပွဲအခန်းထဲမှာ မေးခွန်းလဲလှယ်တဲ့ ဒဿနိကဗေဒမေဂျာ ပထမနှစ်ကျောင်းသူတဦးကို အခန်းစောင့်ဆရာမက ကိုယ်ထိလက်ရောက် ရိုက်ပုတ်စော်ကားမှု ဖြစ်ပွားခဲ့တယ်လို့ စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံက သိရပါတယ်။

အခုလို ကျောင်းသူတဦးကို အခန်းစောင့်ဆရာမက ကိုယ်ထိလက်ရောက်စော်ကားတဲ့ လုပ်ရပ်အပေါ် ရှုတ်ချကြောင်း၊ တက္ကသိုလ်အာဏာပိုင်တွေအနေနဲ့ အရေးယူဖြေရှင်းပေးဖို့ စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂက မတ်လ ၁၃ ရက်မှာ တရားဝင် ထုတ်ပြန် တောင်းဆိုထားတာပါ။

စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတဦးက “ဒီသတင်းဟုတ်မဟုတ် မှန်မမှန်ကို ကာယကံရှင် ကျောင်းသူကို ကျနော်တို့ ဆက်သွယ်မေးမြန်း အတည်ပြုပြီးမှ သတင်းထုတ်ပြန် တောင်းဆိုထားတာ။ စာမေးပွဲစည်းကမ်းနဲ့ လုံးဝမကိုက်ညီတဲ့လုပ်ရပ် ဖြစ်နေတယ်။ လူပုံအလယ်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်တာဆိုတော့ အဲဒီကျောင်းသူရဲ့ ရုပ်ပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်သွားနိုင်တယ်” လို့ ပြောပါတယ်။

မတ်လ ၁၃ ရက်က စစ်တွေတက္ကသိုလ် စာမေးပွဲအခန်းနံပါတ် ၄၁၅ မှာ စာမေးပွဲဖြေဆိုနေကြစဉ် ဒဿနိကဗေဒမေဂျာမှ ကျောင်းသူအချင်းချင်း တဦးနဲ့တဦး မေးခွန်းလဲလှယ်မိခဲ့တာကြောင့် အခန်းစောင့်ဆရာမက မခံမရပ်နိုင်အောင် ဆဲဆိုကြိမ်းမောင်းပြီး ကျောင်းသူတဦးကို ကိုယ်ထိလက်ရောက် ပါးကိုရိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုယ်ထိလက်ရောက် ရိုက်နှက်ခံခဲ့ရသူမှာ ဒဿနိကဗေဒမေဂျာမှ ပထမနှစ်ကျောင်းသူတဦး ဖြစ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်သူမှာ ရူပဗေဒဌာနမှ တွဲဘက်ပါမောက္ခ ဆရာမတဦး ဖြစ်ကြောင်း စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂက မေလ ၁၃ ရက် သတင်းထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

မတ်လ ၁၄ ရက်မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဆရာမ၊ ကာယကံရှင် ကျောင်းသူနဲ့ တခန်းတည်း ဖြေဆိုနေခဲ့ကြသူ ကျောင်းသူကျောင်းသားတွေကို တွေ့ဆုံမေးမြန်းပြီး ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ စစ်တွေတက္ကသိုလ် သင်တန်းရေးရာဌာနမှ တာဝန်ရှိသူတွေထံက သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အခန်းစောင့်ဆရာမကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။ စစ်တွေတက္ကသိုလ် (Day) စာမေးပွဲကို မတ်လ ၉ ရက်ကနေ ၁၆ ရက်အထိ စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

22 seconds Ago

January 8, 2023

အမေရိကန်မူလတန်းကျောင်းတွင် ကျောင်းသားက ဆရာမကို သေနတ်ဖြင့်ပစ်

အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ နျူးပေါ့ထ်နျူးစ်မြို့ရှိ ရစ်ချ်နက်ခ် မူလတန်းကျောင်းမှာ ဇန်နဝါရီ ၆ ရက်က အသက် ၆ နှစ်အရွယ် ပထမတန်း ကျောင်းသားကလေးငယ်တစ်ဦးက သေနတ်နဲ့ ပစ်လိုက်တာကြောင့် ဆရာမတစ်ဦးကို ထိမှန်ဒဏ်ရာရသွားခဲ့ပြီး ဒါဟာ မတော်တဆ ဖြစ်ရပ် မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

တာဝန်ရှိသူတွေက ဒီကိစ္စအတွက် အဖြေရှာဖို့နဲ့ ဒါမျိုးနောက်ထပ် မဖြစ်ရအောင် ကာကွယ်ရမယ် လို့ ပြောဆိုရင်း စိုးရိမ်ပူပန်နေကြပါတယ်။ 

အသက် ၃၀ အရွယ် ဆရာမရဲ့ဒဏ်ရာဟာ အသက်အန္တရာယ်ရှိတယ်လို့ ယူဆထားပေမယ့် ဆေးရုံမှာ ဒဏ်ရာအခြေအနေတိုးတက်မှုအနည်ငယ် ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ် စတိဗ် ဒရူးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

အသက် ၆ နှစ်အရွယ်ကလေးက အဲဒီသေနတ်ကို ဘယ်လိုရခဲ့တယ် ဆိုတာကိုတော့ ထပ်မရှင်းပြသွားပါဘူး။ 

ပထမတန်း စာသင်ခန်းအတွင်း ငြင်းခုံမှုတခု ဖြစ်ပြီးတော့ ပစ်ခတ်မှုတစ်ခု ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖော်ပြပါတယ်။ 

ဒါဟာ မတော်တဆ ပစ်ခတ်မှု မဟုတ်ကြောင်း ရဲချုပ်က ပြောကြားပြီး ကလေးကို ထိန်းသိမ်း ထားတယ်လို့ ဆိုပါတယ်။ ကျောင်းသားတွေ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။

ကျောင်းသားတွေ ဘေးကင်းစေဖို့ အားကစားရုံကို ရွှေ့ပြောင်းပေးခဲ့ပြီး နှစ်သိမ့်ဆွေးနွေးမှုတွေ လုပ်ပေးခဲ့ကြောင်း ရဲချုပ် ဒရူးက ပြောပါတယ်။ 

2 months Ago
Up