close

ဆရာဝန်နှင့်သူနာပြု

close

June 23, 2022

မာရာဒိုနာကို ပြုစုပေးခဲ့သည့် ဆရာဝန်နှင့် သူနာပြု ၈ ဉီးအား လူသတ်မှုဖြင့် တရားစွဲမည်

အာဂျင်တီးနား ဘောလုံးအကျော်အမော် ဒီယေဂိုမာရာဒိုနာကို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေ အပါအဝင် လူ ၈ ဦးကို လူသတ်မှုနဲ့ အာဂျင်တီးနားတရားရုံးတွေမှာ တရားစွဲမယ်လို့ ဇွန် ၂၂ ရက်က အမိန့်စီရင်ချက် ထုတ်ပြန်ခဲ့ပါတယ်။

မာရာဒိုနာဟာ သူမသေဆုံးခင် ရက်သတ္တပတ် အနည်းငယ်အလိုက နှလုံးခွဲစိတ်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ နှလုံး ရုတ်တရက် ရပ်သွားတာကြောင့် သေဆုံးခဲ့တာပါ။

မာရာဒိုနာ သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ ခန့်အပ်ထားတဲ့ ဆေးဘက်ဆိုင်ရာ ဘုတ်အဖွဲ့ကတော့ ပြုစုစောင့်ရှောက်သူတွေရဲ့ မသင့်လျော်တဲ့ အဆင်အခြင်မဲ့ အပြုအမူတွေကြောင့် ဖြစ်တယ်လို့  ကောက်ချက်ချခဲ့ပါတယ်။

အစိုးရရှေ့နေတွေကတော့ မာရာဒိုနာကို ပြုစုစောင့်ရှောက်ပေးသူတွေရဲ့ ပေါ့လျော့ပျက်ကွက်မှုတွေကြောင့် သေဆုံးရတာဖြစ်ပြီး သူ့ရဲ့ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ စိတ်ပညာရှင် အပါအဝင် လူရှစ်ဦးကို ‘ရိုးရှင်းတဲ့လူသတ်မှု’ နဲ့ ပြင်းပြင်းထန်ထန် စွဲချက်တင်ထားတယ်လို့ စီရင်ချက်မှာ ဖော်ပြပါတယ်။ ဒီစွဲချက်အရ ထောင်ဒဏ် ၈ နှစ်ကနေ ၂၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။

မာရာဒိုနာရဲ့ အာရုံကြောခွဲစိတ် ဆရာဝန်နဲ့ ကိုယ်ရေးကိုယ်တာဆရာဝန် Leopoldo Luque၊ စိတ်ရောဂါအထူးကု Agustina Cosachov၊ စိတ်ပညာရှင် Carlos Diaz၊ သူနာပြု Gisella Madrid နဲ့ Ricardo Almiron၊ သူတို့ရဲ့အကြီးအကဲ Mariano Perroni နဲ့ ဆရာဝန် Pedro Di Spagna နဲ့ Nancy Forlini တို့ကို စီရင်ချက်ထဲမှာ နာမည်ဖော်ပြထားပါတယ်။

တရားခံတွေကတော့ မာရာဒိုနာ သေဆုံးမှုအတွက် သူတို့မှာ တာဝန်မရှိကြောင်း ငြင်းဆိုထားပြီး အယူခံဝင်ဖို့လည်း ပြင်ဆင်နေကြပါတယ်။

မာရာဒိုနာရဲ့သားဖြစ်သူဘက်က ရှေ့နေကတော့ မာရာဒိုနာဟာ ကွယ်လွန်ချိန်က ကူကယ်ရာမဲ့ အခြေအနေမှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

၁၉၈၆ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဘောလုံးကြယ်ပွင့် မာရာဒိုနာဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က အသက် ၆၀ အရွယ်မှာ ကွယ်လွန်ခဲ့တာပါ။

ရိုက်တာသတင်းဌာနကတော့ တရားခံတွေ သို့မဟုတ် သူတို့ရဲ့ရှေ့နေတွေဆီကို မှတ်ချက်တောင်းခံဖို့ ချက်ချင်းဆက်သွယ်နိုင်လို့ မရသေးဘူးလို့ ဆိုပါတယ်။

34 mins Ago
Up