close

ဆာဆာကာဝါ

close

February 22, 2023

နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါကို ဂျပန်ရောက်မြန်မာများ ဆန္ဒပြ

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီကို ကူညီကာကွယ်ပေးနေပြီး ၂၀၂၃ ရွေးကောက်ပွဲ ကျင်းပဖို့ ထောက်ခံပြောဆိုလှုပ်ရှားတဲ့ နိပွန်ဖောင်ဒေးရှင်ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါကို ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက ဖေဖော်ဝါရီ ၂၂ ရက်က တိုကျိုမြို့ရှိ သူ့ရဲ့ရုံးရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာပြည်သူတွေရဲ့ သဘောထား တောင်းဆိုစာကို ရုံးအတွင်း ဝင်ရောက်ပေးအပ်ခဲ့ရာမှာ ရုံးတာဝန်ခံတဦးက လက်ခံယူပြီး စာထဲမှာတော့ ငြိမ်းချမ်းရေးအကြောင်းပြ စစ်ကောင်စီကို ထောက်ပံ့နေတာတွေ၊ စစ်ကောင်စီဘက်က ရပ်တည်ပြောဆိုနေတာတွေ ရပ်တန့်ဖို့နဲ့ လက်ရှိလုပ်ရပ်တွေက မြန်မာပြည်ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ဘူးလို့ မြန်မာပြည်သူတွေက ယုံကြည်ကြောင်း၊ တကယ်လို့ စစ်ကောင်စီဘက်က ဆက်ရပ်တည်နေရင် နောင်တချိန် နိပွန်ဖောင်ဒေးရှင်းနဲ့ မြန်မာပြည်သူတွေအကြား ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရှိမလာနိုင်ဘူးလို့ ရေးသားထားကြောင်း ရုံးအတွင်း ဝင်ရောက် စာပေးအပ်ခဲ့သူ မသိရီသစ္စာက ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ လေ့လာရေးအဖွဲ့ခေါင်းဆောင်အဖြစ် စောင့်ကြည့်လေ့လာခဲ့ပြီး လွပ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်တယ်လို့ ကိုယ်တိုင်ပြောခဲ့တဲ့ မစ္စတာဆာဆာကာဝါအနေနဲ့ အခု စစ်ကောင်စီရဲ့ ၂၀၂၃ ခု ရွေးကောက်ပွဲကို ကျင်းပသင့်တယ်လို့ အင်တာဗျူးတွေမှာ ပြောဆိုနေတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ဆန့်ကျင်နေပြီး စော်ကားသလို ခံစားမိလို့ အခုလို ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကျိုတိုဆဲအိခတက္ကသိုလ်က ပါမောက္ခ ဒေါက်တာ နန်းမြကေခိုင်က ဒီဗွီဘီကို ပြောပြခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကတော့ လက်ရှိ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံကို သွားရောက်လုပ်ဆောင်နေတာက ဂျပန်အစိုးရနဲ့ မပတ်သက်ဘူးလို့ ဖြေရှင်းထားတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ဦးမြင့်ဆွေက ပြောပါတယ်။

မြန်မာပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အားပေးထောက်ခံနေတာတွေ ချက်ချင်းရပ် အပါအဝင် တောင်းဆိုချက်တွေကို လာရောက်ဆန္ဒပြသူတွေက ဂျပန်ဘာသာနဲ့ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးကို ကူညီအားပေးနေတဲ့ ဂျပန်လူမျိုးတွေကလည်း လာရောက်ပူးပေါင်း ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဇော်ဇော်လှိုင်

12 hours Ago

February 10, 2023

စစ်အုပ်ချုပ်ရေး ကြာဦးမည်၊ မြန်မာပြည်တွင် အာဆီယံရုံးခန်းဖွင့်ရန် ဆာဆာကာဝါ တိုက်တွန်း

မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေအတိုင်းဆက်သွားနေရင် စစ်အုပ်ချုပ်ရေး ပိုကြာနေဦးမှာဖြစ်ကြောင်း၊ အဝေးကနေ အပြစ်တင်နေရုံနဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်းနဲ့  အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာရုံးခန်းလာဖွင့်သင့်ကြောင်း နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အထူးသံတမန် မစ္စတာဆာဆာကာဝါက ပြောကြားလိုက်ပါတယ်။

တနင်္လာနေ့က နစ်ကီအေးရှား ဂျပန်သတင်းဌာနနဲ့ အင်တာဗျူးရာမှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်သဘောထားတွေကို မစ္စတာ ဆာဆာကာဝါက ပြောကြားခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာအာဏာသိမ်းစစ်တပ်က အရေးပေါ်အခြေအနေ ကြေညာထားတာကို နောက်ထပ် ၆ လသက်တမ်းထပ်တိုးခဲ့တဲ့အပေါ် မစ္စတာ ဆာဆာကာဝါက “ဒီအတိုင်းဆက်သွားရင်တော့ စစ်အုပ်ချုပ်ရေးက ပိုကြာနေဦးမှာပဲ၊ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲတွေတော့ လုပ်မှဖြစ်မယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ပဋိပက္ခတွေ အဆုံးသတ်ဖြေရှင်းနိုင်တဲ့အထိ မြန်မာနိုင်ငံမှာ အာဆီယံရုံးခန်းဖွင့်ထားသင့်ကြောင်းလည်း  ဆာဆာကာဝါက အကြံပြုခဲ့ပါတယ်။ 

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးထုတ်ပြန်ခဲ့တဲ့ “မြန်မာနိုင်ငံ ပဋိပက္ခတွေကို ပြေလည်စေဖို့ နည်းလမ်းရှာရာမှာ သက်ဆိုင်ရာ အဖွဲ့ပေါင်းစုံပါဝင်တဲ့ နိုင်ငံတော်အဆင့် ဆွေးနွေးညှိနှိုင်းမှုဟာ အဓိကကျကြောင်း” ဖော်ပြထားတဲ့ထုတ်ပြန်ချက်ကို ဆာဆာကာဝါကလည်း သဘောတူကြောင်း ထောက်ခံပြောဆိုခဲ့ပါတယ်။

“အဝေးကနေ အပြစ်တင်နေရုံနဲ့တော့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”လို့ ဆာဆာကာဝါက ပြောကြားလိုက်ပြီး အာဆီယံအနေနဲ့ နိုင်ငံ့ဝန်ထမ်းအဆင့်မှာ မြန်မာစစ်တပ်နဲ့ ညှိနှိုင်းနိုင်ရေး ကြိုးပမ်းသင့်တယ်လို့လည်း အကြံပြုပါတယ်။

“အာဆီယံက မြန်မာစစ်တပ်နဲ့ ဝန်ထမ်းအဆင့်မှာ အခုထက်ပိုပြီး မကြာခဏ တွေ့ဆုံဆွေးနွေးမှုတွေ ရှိလာအောင် ဆောင်ရွက်သင့်တယ်။”

အခုလက်ရှိအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားအနေနနဲ့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးပဋိပက္ခတွေအတွက် အဖြေရှာရာမှာ ဦးဆောင်နိုင်မယ်လို့လည်း မျှော်လင့်ထားကြောင်းပြောပါတယ်။

“နိုင်ငံတကာအသိုက်အဝန်းတွေရဲ့ သဘောထားကို နားလည်နိုင်တဲ့ နေရာရောက်လာတဲ့အထိ အာဆီယံက ဆောင်ရွက်စေချင်တယ်” လို့လည်း ဆာဆာကာဝါက ပြောပါတယ်။ 

မြန်မာစစ်တပ်နဲ့ အရမ်းရင်းနှီးတဲ့ သူ့ရဲ့ဆက်ဆံရေးအပေါ် ဝေဖန်မှုတွေကိုလည်း “ကျနော်တို့ လိုချင်တဲ့ ရလဒ်မရဘူးဆိုရင် ဒါကလည်း ဘာမှ မဟုတ်တော့ဘူးလေ၊ အဲဒီတော့ ကျနော် စိတ်ထဲမထားပါဘူး” လို့မစ္စတာ ဆာဆာကာဝါက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ 

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနိုင်ရေးအတွက် စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား အပစ်အခတ်ရပ်စဲဖို့ သူ ဝင်ရောက်ညှိနှိုင်းပေးခဲ့တဲ့ နမူနာအတိုင်း မြန်မာစစ်တပ်နဲ့ အဆက်မပြတ် ဆက်ဆံဆွေးနွေးနေနိုင်ဖို့က အရေးကြီးတယ်လို့  သူက လက်ခံထားပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့အခြေစိုက် ဆာဆာကာဝါရဲ့ ပရိဟိတဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံက လူနည်းစု တိုင်းရင်းသားဒေသတွေမှာ အိမ်တွေ၊ ကျောင်းတွေ ဆောက်လုပ်ရေးတွေ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံပြန်လည်သင့်မြတ်ရေး အထူးသံတမန်အဖြစ် ဂျပန်အစိုးရက သူ့ကို ခန့်အပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ခံပြည်သူ့အစိုးရဆီကနေ စစ်တပ်က အာဏာမသိမ်းမီအချိန်ထိ ဆာဆာကာဝါဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အကြိမ်အတော်များများ တွေ့ဆုံခဲ့ဖူးကြောင်း နစ်ကီအေးရှားသတင်းမှာ ရေးသားထားပါတယ်။ 

2 weeks Ago
Up