ဆာမတ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ဧပြီ ၂၀ ရက်မှာ စမ်းသပ်ပစ်လွှတ်လိုက်တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။
ရုရှားအနောက်မြောက်ပိုင်းကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ အရှေ့စွန်းပိုင်းက ကမ်ချတ်ကာ ကျွန်းဆွယ်ထဲက ပစ်မှတ်တွေကို ထိမှန်ခဲ့တာကို စစ်တပ်က သမ္မတ ပူတင်ကို ရုပ်သံကနေတဆင့် ပြခဲ့ပါတယ်။
စနစ်အသစ်ဟာ နည်းဗျူဟာနဲ့ နည်းပညာဆိုင်ရာ အမြင့်ဆုံး ဝိသေသလက္ခဏာတွေရှိပြီး ခေတ်မီ ဒုံးကျည်ကာကွယ်ရေး နည်းလမ်းအားလုံးကို ကျော်လွှားနိုင်စွမ်း ရှိတယ်လို့ ပူတင်က ပြောပါတယ်။
"တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ လက်နက်ဟာ ကျနော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေး အလားအလာကို အားကောင်းစေမယ်။ ပြည်ပ ခြိမ်းခြောက်မှုတွေကနေ ရုရှားရဲ့ လုံခြုံရေးကို စိတ်ချယုံကြည်ရလောက်အောင် အာမခံနိုင်မယ်" လို့လည်း ပူတင်က ပြောခဲ့ပါတယ်။
ဆာမတ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ဟာ ဒုံးကျည်တခုမှာ ထိပ်ဖူး ၁၀ ခုကျော် တပ်ဖို့ ရုရှားက မျှော်လင့်ထားတဲ့ လက်နက်ကြီး အမျိုးအစားအသစ် ဖြစ်တယ်လို့ အမေရိကန် အောက်လွှတ်တော် သုတေသနဌာနက ပြောပါတယ်။
ဒီလက်နက်ကို တီထွင်နေတာ နှစ်ချီ ကြာနေပြီဖြစ်ပြီး ရုရှားက ယူကရိန်းကို စစ်ဆင်နွှဲနေလို့ ပထဝီနိုင်ငံရေး အစွန်းရောက် တင်းမာနေချိန်မှာ ပစ်လွှတ်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။