လာမယ့်ရက်ပိုင်းတွေမှာ စတင်တော့မယ့် ကာတာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ပါဝင်ကစားခွင့်မရတဲ့ နာမည်ကြီး ကစားသမားတွေ ရှိနေပါတယ်။
အဲဒီကစားသမားတွေဟာ သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ ခြေစွမ်းပြ ကစားနေပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းမှာ ပါဝင်နေသူတွေ ဖြစ်ပါတယ်။
အထင်ရှားဆုံး ဥပမာကတော့ မန်ချက်စတာစီးတီးတိုက်စစ်မှူး ဟာလန်းနဲ့ လီဗာပူးတိုက်စစ်မှူး ဆာလက်တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ခြေစွမ်းကောင်းတွေ ပြသနေပေမဲ့ ဟာလန်းရဲ့ နော်ဝေအသင်းနဲ့ ဆာလက်ရဲ့ အီဂျစ်အသင်းတို့ ခြေစစ်ပွဲမအောင်တဲ့အတွက် ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့် ဆုံးရှုံးထားပါတယ်။
သူတို့လိုပဲ မန်စီးတီး ကွင်းလယ်ကစားသမား မာရက်ဇ်လည်း လက်ရွေးစင် အယ်လ်ဂျီးရီးယား အသင်း ခြေစစ်ပွဲမအောင်တဲ့အတွက် ကမ္ဘာ့ဖလားမှာ လိုက်ပါခွင့် မရခဲ့ပါဘူး။
ဒါ့အပြင် ဥရောပချန်ပီယံ အီတလီအသင်းလည်း ခြေစစ်ပွဲမအောင်တာကြောင့် နာမည်ကြီး အီတလီကစားသမားတွေကိုလည်း ကာတာကမ္ဘာ့ဖလားမှာ မြင်တွေ့ခွင့်ရမှာ မဟုတ်တော့ပါဘူး။
ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ အိမ်ရှင် ကာတာနဲ့ အက်ကွေဒေါအသင်းတို့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဘောလုံးကလောင်ရှင်တွေက ချီးမြှင့်တဲ့ ပရီးမီးယားလိဂ်ရဲ့ တနှစ်တာအကောင်းဆုံးကစားသ မားဆုကို လီဗာပူးတိုက်စစ်မှူး ဆာလက်က ရရှိခဲ့ပါတယ်။
ဆာလက်ဟာ ကလောင်ရှင်တွေရဲ့ မဲပေး မှု ၄၈ ရာခိုင်နူန်းအထိရရှိခဲ့ပြီး မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက် တို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာပါ။
အသက် ၂၉ နှစ်ရှိ ဆာလက်ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၂ ဂိုးနဲ့ ဦးဆောင်နေပြီး ဂိုးသွင်းအများဆုံးဆုရရှိဖို့လည်း အခြေအနေကောင်းနေတာပါ။
၂၀၁၈ ခုနှစ်ကလည်း ဒီဆုကို လက်ခံရရှိခဲ့ဖူးတဲ့ ဆာလက်ဟာ ဒုတိယအကြိမ်မြောက်ရယူနိုင်ခဲ့တာပါ။
မဲပေးမှုမှာ လီဗာပူးနဲ့ မန်စီးတီးကစားသမားအများစုကပဲ အများဆုံးရရှိခဲ့ကြတာပါ။ မဲအများဆုံး စာရင်းကိုကြည့်ရင် လီဗာပူးက ၉ ဦးနဲ့ မန်စီးတီးက ၆ ဦးအထိ ရာခိုင်နှုန်း အများဆုံးမဲပေးမှုရရှိခဲ့ကြပါတယ်။
အမျိုးသမီးအကောင်းဆုံးကစားသမားဆုကိုတော့ ချဲလ်ဆီးအသင်းက သြစတြေးလျ တိုက်စစ်မှူး ဆာမန်သာခါးက ရရှိခဲ့ပါတယ်။
ဆုရရှိခဲ့တဲ့ ကစားသမား ၂ ဦးစလုံးဟာ ဒီရာသီ သက်ဆိုင်ရာ ကလပ်တွေမှာ ထူးချွန်ခဲ့ကြသူတွေဖြစ်ပြီး ကလပ်နဲ့ နိုင်ငံအသင်းတွေအတွက် စံချိန်တွေချိုး ဖျက်နိုင်ခဲ့သူတွေဖြစ်ကြောင်း ဘောလုံးကလောင်ရှင်များအဖွဲ့ FWA ဥက္ကဋ္ဌ ဘရောင်းက ချီးကျူးခဲ့ပါတယ်။