စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ကျေးရွာ ၃ ရွာကို စစ်ကောင်စီက ဇန်နဝါရီ ၆ ရက်နေ့မှာ မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၀၀ နီးပါး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့ ကျေးရွာတွေဟာ ဖောင်းကတာတောင်ရွာ၊ ဖောင်းကတာမြောက်ရွာနဲ့ ကျောက်ဖြူတိုင် ကျေးရွာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၅ ရက်နေ့ညက မုံရွာကနေ ညောင်ပင်ကြီးကို ရောက်ရှိလာပြီး ဇန်နဝါရီ ၆ ရက်နေ့မှာ ကျေးရွာတွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
ကျေးရွာတွေကို မီးရှို့တဲ့ စစ်ကောင်စီတပ်ရဲ့ နောက်တန်းဖြစ်တဲ့ ဆားလင်းကြီးမြို့ပေါ် ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ (၁) Brother Defense Force တာဝန်ခံ ရာမ က ပြောပါတယ်။
“ကျနော်တို့ ဒေသခံတွေရဲ့နေအိမ်တွေကိုမီးရှို့လို သူတို့နောက်တန်းစခန်းတွေကို လက်နက်ကြီး ၈၀ မမ၊ အလုံး ၅၀ ကျော်နဲ့ ပစ်ခတ်ခဲ့တယ်ဗျ။ အသေအပျောက်ကတော့ စုံစမ်းနေဆဲပဲဗျ။ သူတို့ဘက်လည်း ပြန်ပစ်ခတ်တာတော့ ရှိတယ်။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး။”
ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ စစ်ရေးအခြေအနေ နှစ်ဖက်တင်မာနေတာကြောင့် ကျေးရွာ ၆ ရွာက ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၇ ရက် ဒီနေ့မှာလည်း စစ်ကောင်စီတပ်က မိုးကြိုပြင်ရွာကို ထပ်မံမီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်က ဦးအောင်ကျော်ဆန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဇန်နဝါရီ ၅ ရက်က ဆိုင်ကယ်နဲ့ လာရောက် ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးအောင်ကျော်ဆန်းတို့ မိသားစုဟာ စားဝတ်နေရေးအတွက် ဈေးရောင်းနေကြတာဖြစ်ပြီး လူမှုရေးကိစ္စ မကျေနပ်ချက်တွေနဲ့ လာရောက်ပစ်ခတ်သတ်ဖြတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဦးအောင်ကျော်ဆန်း ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး ဒေသခံ PDF တွေက စစ်ဆေးမေးမြန်းခြင်း မရှိဘဲ လက်လုပ် သေနတ်တွေနဲ့ လာရောက်ပစ်သတ်သွားတာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒေသခံကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ သူတို့ တပ်ဖွဲ့ အနေနဲ့ လုပ်ဆောင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
အဲ့ဒီနေ့ နေ့ခင်းပိုင်းမှာပဲ အောင်သစ္စာရပ်ကွက်၊ နတ်ချောင်လမ်းမပေါ်မှာ စစကောင်စီတပ်တွေက ခရီးသွားဒေသခံတွေကို စစ်ဆေးရာ ကလေးမြို့နယ်ခံ မောင်အောင်မျိုးသူကို PDF နဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုပြီး ဖမ်းဆီးသွားပါတယ်။
လတ်တလော ကလေးမြို့ပေါ်မှာ ညစဉ်တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း မြို့တွင်းနေရာအနှံ့အပြားမှာ လုံခြုံရေးအင်အားအပြည့်ယူထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှာ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့ အပတ်စဉ် ၄ သင်တန်းဆင်းပွဲကို ဩဂုတ် ၂၇ ရက်က ကျင်းပခဲ့ကြတယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီသင်တန်းကို စစ်ကောင်စီတပ်က CDM လုပ်လာတဲ့ ဗိုလ်ကြီးတဦးက သင်ကြားပေးခဲ့တာလို့ အဖွဲ့တာဝန်ရှိသူ ကိုစွမ်းသူမောင်က ပြောပါတယ်။
“ကျနော်တို့ သင်တန်းသူ၊ သင်တန်းသားအသစ် ၁၁၇ ယောက် သင်ကြားပေးနိုင်ခဲ့တယ်ဗျ။ အမျိုးသမီး ၂၃ ဦးနဲ့ အမျိုးသား ၉၄ ဦးကို သင်ကြားပေးခဲ့တယ်။ ကျနော်တို့ ဒီသင်တန်းကို ၂၇ ရက် သင်ကြားပိုချခဲ့တာပါ။ ကျနော်တို့ အမျိုးသမီး ရဲမေတွေကို ဆေးကုသရေးကိုသင်ကြားခဲ့တယ်။ အမျိုးသားတွေကတော့ သင်တန်းကာလအတွင်းမှာ တိုက်ခိုက်ရေး၊ လက်နက်ဖြုတ်တပ်တာ၊ ပစ်ခတ်တာ၊ လက်လုပ်မိုင်းပြုလုပ်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ ညတိုက်ပွဲအတွက် ဘယ်လိုတိုက်ပွဲတိုက်ရတယ်ဆိုတာတွေ သင်ကြားပေးနိုင်ခဲ့တယ်။”
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ ပြည်သူတွေအပေါ်မှာ လက်နက်အားကိုးပြီး မတရား အနိုင်ကျင့်ဗိုလ်ကြကာ ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာကြောင့် မထူးဇာတ်ခင်းကာ တိုက်ပွဲဝင်ရင်း သေသွားမယ်ဆို တဲ့ ဆုံးဖြတ်ချက်တွေနဲ့ အခုလို သင်တန်းမှာ ပါဝင်ရတယ်လို့ သင်တန်းသားတွေက ပြောပါတယ်။