close

ဆာသူးလေအထက်တန်းကျောင်း

close

October 17, 2022

'မသောက်မိသော မိုးခါးရေ' ရုပ်ရှင်ဇာတ်လမ်းတို မဲဆောက်မြို့ရှိ ဆာသူးလေ မြန်မာရွှေ့ပြောင်းကျောင်းသူ ကျောင်းသားများကိုပြသ

ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားတဲ့  'မသောက်မိသော မိုးခါးရေ' ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းတိုကို အောက်တိုဘာ ၁၇ ရက်မနက်က ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ဆာသူးလေ မြန်မာရွှေ့ပြောင်း အထက်တန်းကျောင်းမှာပြသရာမှာ ကျောင်းသူကျောင်းသားတွေ ထောင်နဲ့ချီပြီး စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့ကြပါတယ်။

ဒီရုပ်ရှင်ဇာတ်လမ်းတိုရဲ့ ရည်ရွယ်ချက်၊ ရုပ်ရှင်ရိုက်ကူးဖြစ်ရတဲ့အကြောင်းရင်းနဲ့ ခံစားချက်တွေကိုလည်း  ဒါရိုက်တာ ကိုပေါက်က အွန်လိုင်းကတဆင့် ပြောကြားခဲ့ပြီး ‌ရွှေ့ပြောင်းကျောင်းသူကျောင်းသားတွေရဲ့ မေးမြန်းချက်တွေကိုလည်း ဖြေကြားခဲ့ပါတယ်။

'မသောက်မိသော မိုးခါးရေ' ရုပ်ရှင်ကို  ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ယူကေစတဲ့ နိုင်ငံအသီးသီးမှာလည်း ပြသနေတာဖြစ်ပါတယ်။

လာမယ့် ၂၀၂၃ ခုနှစ်မှာလည်း မြန်မာနိုင်ငံရေးနဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဆက်လက် ရိုက်ကူးသွားဖို့ရှိနေတယ်လို့  ဒါရိုက်တာကိုပေါက်က ပြောပါတယ်။

1 hour Ago

June 7, 2022

ကိုဗစ်ကြောင့်ပိတ်ထားသည့် မဲဆောက်က ဆာသူးလေအထက်တန်းကျောင်း ပြန်ဖွင့်

ကိုဗစ်ကြောင့်  ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့ မြန်မာ-ထိုင်း နယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွေ့ပြောင်းကလေးငယ်တွေအတွက် ပညာသင်ပေးနေတဲ့ ဆာသူးလေ အထက်တန်းကျောင်းကို ထိုင်းအာဏာပိုင်တွေက ဇွန် ၇ ရက် ဒီနေ့မနက်က ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်ပါတယ်။

၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းဖွင့်ပွဲနဲ့ အရင်စာသင်နှစ်တွေမှာ စာမေးပွဲအောင်မြင်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေအတွက်  အောင်လက်မှတ် ချီးမြှင့်ပွဲနဲ့အတူ မိဘဆရာအသင်းများတွေ့ဆုံပွဲကိုလည်း ဆာသူးလေကျောင်းမှာ ဒီနေ့မနက် ကျင်းပသွားရာမှာ ကျောင်းသားတွေက တေးသီချင်းနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရပဲဖြစ်ဖြစ်၊ အာဏာသိမ်းစစ်ကောင်စီပဲ ဖြစ်နေပါစေ ဆာသူးလေ အထက်တန်းပညာသင်ကျောင်းကတော့ အနာဂတ် မျိုးဆက်သစ်လူငယ်တွေကို ပညာ ဆက်လက်သင်ကြားပေးသွားမယ်လို့  ကျောင်းဒါရိုက်တာ နော်ဖောရေက  ပြောပါတယ်။

ကိုဗစ်ကူးစက်မှုကြောင့် ကျောင်းပိတ်ထားလို့ ကျောင်းကိုသွားရောက်  စာမသင်နိုင်ဘဲ အွန်လိုင်းကနေ ပညာသင်နေရတဲ့ ကျောင်းသားတွေ ဒီနေ့မှာတော့ ကိုယ်တိုင်ကျောင်းတက်ရတာ အပျော်ဆုံးနေ့လို့ ကျောင်းသားတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကိုတော့ လက်မခံနိုင်ဘဲ ၇ တန်းနဲ့ ထွက်ခဲ့ပြီး မဲဆောက်မြို့ ဆာသူးလေကျောင်းမှာ ဆက်တက်နေတဲ့ ကျောင်းသူတဦးကတော့  တချိန် မြန်မာပြည်ပြန်လည်ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားသွားမယ်လို့ ပြောပါတယ်။

ဆာသူးလေကျောင်းဟာ ၁၉၉၉ ခုနှစ်မှာ မူလတန်းကျောင်းအဖြစ်နဲ့ တော်လှန်ရေးမိသားစုတွေ စတင်ခဲ့ပြီး ဒီကျောင်းကနေ ၁၀ တန်းအောင်လို့ မြန်မာပြည်သို့ ပြန်လည်တက္ကသိုလ် ပညာသင်နိုင်သူ အယောက် ၁၀၀ လောက်ရှိသလို ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာ တက်ရောက်ဘွဲ့ရသူတွေလည်း ရာနဲ့ချီရှိနေပြီဖြစ်ပါတယ်။

၂၀၂၂ -၂၀၂၃ အခုပညာသင်နှစ်မှာတော့ ကျောင်းသူ ကျောင်းသား ဦးရေ ၁,၀၀၀ လောက် ပညာသင် ဖို့ ကျောင်းအပ်ထားပါတယ်။

4 months Ago
Up