close

ဆားကွင်းများ ပျက်

close

February 20, 2022

ရေးမြို့နယ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆားကွင်းများ ပျက်စီး၊ ကျပ်သိန်းရာချီ ဆုံးရှုံး

မွန်ပြည်နယ် ရေးမြို့နယ်မှ  အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တာကြောင့် ဆားကွင်း  ဒါဇင်နဲ့ချီ ပျက်စီးခဲ့ပြီး ဆားလုပ်ငန်းရှင်တွေ ကျပ်သိန်း ရာချီ နစ်နာဆုံးရှုံးခဲ့တယ်လို့ ဒေသခံလုပ်ငန်းရှင်တွေက ပြောပါတယ်။

“အခုလို ရာသီဥတု မိုးဒဏ်ခံရတော့ ဆားကွင်းရှိတဲ့ နေရာတွေမှာက ပင်လယ်ရေ ရှိတယ်။ ကွင်းထဲ မိုးရေပါ ဝင်ပြန်တော့ ဆားကွင်းက ဘာမှလုပ်လို့မရတဲ့အခါ ဆားတွေမရတော့ လုပ်အားခတွေ သယ်ယူစရိတ်တွေကအစ ဆုံးရှုံးနစ်နာသွားတယ်” လို့ ဆားလုပ်ငန်း လုပ်ကိုင်သူတဦးက  ပြောပါတယ်။

မြန်မာနိုင်ငံအောက်ပိုင်း နေရာဒေသတွေမှာ အခုရက်ပိုင်း မိုးလေကြီးနိုင်တယ်လို့  မိုးဇလဗေဒက သတိပေးထုတ်ပြန်ထားပါတယ်။

မိုးရွာသွန်းမှုကြောင့် ဆားကွင်းအများစု ပျက်စီးခဲ့သလို  ရာသီဥတုအခြေအနေအရ လုပ်ငန်းက ပြန်ပြီး အချိန်မီမလုပ်နိုင်ပါက ဆားကုန်ကြမ်းမရဘဲ ဆားထွက်ရှိမှုပါ ကျဆင်းလာနိုင်သလို ဈေးနှုန်းလည်း ပြောင်းလဲသွားနိုင်တယ်လို့ ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာနဲ့အမျှ တခြား ကုန်ကျစရိတ် ကြီးမြင့်တဲ့အခါမှာ ဈေးကွက်ပါ ထိခိုက်လာနိုင်တယ်လို့ ဆားလုပ်ကိုင်သူတဦးက ပြောပါတယ်။

နေလှန်းဆားကို ရေးမြို့နယ်အပြင် သံဖြူဇရပ်၊ ပေါင်တို့မှာ အဓိ‌ကထုတ်လုပ်နေတာ ဖြစ်ပြီး နှစ်စဉ် ဆားတန်ချိန် သောင်းနဲ့ချီထွက်ရှိကာ ထွက်ရှိလာတဲ့ ဆားကုန်ကြမ်းတွေကို ပြည်တွင်းက ပင်လယ်ရေလုပ်ငန်းနဲ့ နေအိမ်တွေမှာ အဓိက သုံးစွဲနေကြပါတယ်။

12 hours Ago
Up