close

ဆားတောင်သူ

close

April 3, 2023

ရခိုင်တွင် အချိန်အခါမဟုတ် မိုးရွာသဖြင့် ဆားတောင်သူများ ဆုံးရှုံးမှုများနေ

ရခိုင်ပြည်နယ်မှာ ဧပြီ ၂ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တာကြောင့် မြို့နယ်တချို့က ဆားလုပ်ကွင်းတွေမှာ ပျက်စီးဆုံးရှုံးမှုတွေ များခဲ့တယ်လို့ ဆားတောင်သူတွေနဲ့ ဆားလုပ်ငန်းရှင်တွေက ပြောပါတယ်။

အခု မိုးရွာသွန်းခဲ့မှုကြောင့် ဆားကန်တွေ၊ ဆားကွင်းတွေနဲ့ အခုရက်ပိုင်းအတွင်း ကောက်ဖို့ ပြင်ဆင်ထားကြတဲ့ ဆားကြမ်းတွေရဲ့ ၅၀ ရာခိုင်နှုန်းခန့် ပျက်ဆီးသွားတယ်လို့ ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးနဲ့ ဆားလုပ်ငန်းရှင်တဦးဖြစ်သူ ဦးထွန်းကြွယ်က ပြောပါတယ်။

“မိုးက ဧပြီ ၂ ရက် နေ့လယ် ၁၂ နာရီကနေ နေ့လယ် ၁ နာရီကျော်အထိ ၁ နာရီကျော်လောက် သည်းထန်စွာရွာခဲ့တယ်။ ဆုံးရှုံးမှုတွေက တော်တော်လည်းကို များတယ်။ ဒီနှစ် တနှစ်စာ ကြိုးစားထားတဲ့ ဆားတွေက အခုလာမယ့် တလအတွင်း ကောက်မယ့်ဆားတွေ၊ တပတ်အတွင်း ရောက်မယ့် ဆားတွေ၊ အခု ဒီနေ့ကောက်ဖို့ လုပ်နေတဲ့ ဆားတွေလည်း ဒီမိုးမှာ တော်တော်လေးကို ထိသွားတယ်။ ပျက်စီးမှုကတော့ ဆားကွင်းတွေ တိုင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

ကျောက်ဖြူမြို့နယ်၊ ဂန့်ဂေါကျွန်းမှာ ဆားလုပ်ကွင်း ၂၂ ကွင်းရှိပြီး အကုန်လုံး မိုးထိပြီး ဆုံးရှုံးမှုတွေ ရှိကြတယ်လို့ သူက ပြောပါတယ်။

အခု ပျက်စီးသွားတဲ့ ဆားကွင်းတွေ ပုံမှန်ပြန်ဖြစ်ဖို့အတွက် နောက်ထပ် ၂ ပတ်လောက်အထိ အချိန်ယူရမှာဖြစ်ပြီး မိုးရွာရင် ဆားတောင်သူတွေအတွက် တော်တော်လည်း အထိနာတယ်လို့ ကျောက်ဖြူမြို့နယ်က ဆားတောင်သူတဦးက ပြောပါတယ်။

“ဆားကွင်းတွေတော့ တော်တော်လည်းကို ပျက်စီးသွားတယ်ဗျာ။ ဆားကန်တွေ၊ နေလှန်းပြီး ဆားခြစ်တော့မယ်၊ ဆားကြမ်းတွေနဲ့ ခုတင်ထဲ သွင်းတော့မယ်၊ ဆားတွေလည်း မိုးထိသွားကြတယ်။ ဒီဟာတွေ ပုံမှန်ပြန်ရဖို့ အနည်းဆုံး အချိန် ၂ ပတ်ကျော်လောက် လိုတယ်။ နွေမိုးရွာရင်တော့ ဆားတောင်သူတွေရဲ့ လုပ်ငန်းတွေလည်း တော်တော်လည်းကို အထိနာတယ်” လို့ပြောပါတယ်။

ရခိုင်ပြည်နယ်က ထုတ်လုပ်တဲ့ ဆားတွေမှာ ပင်လယ်ရေကို သန့်စင်ပြီးမှ ဆားလုပ်ကွင်းတွေမှာ နေလှန်ဆားအဖြစ် ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ဆားထုတ်လုပ်တဲ့ ထုတ်ကွက်ဧက ၁၀၀၀ ကျော်ရှိပြီး  ကျောက်ဖြူမြို့နယ်မှာ အများဆုံးထုတ်လုပ်ကာ စစ်တွေ၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တွေမှာလည်း ထုတ်လုပ်ကြပါတယ်။

3 mins Ago

February 18, 2023

ဆားအသစ်ထွက်ချိန် စျေးကျသဖြင့် ဆားတောင်သူများ အရှုံးပေါ်

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက နေလှန်းဆားတောင်သူတွေဟာ ဆားအသစ်ထွက်ရှိချိန်မှာ ဈေးနှုန်းကျဆင်းလာတာကြောင့် အရှုံးပေါ်နေကြတယ်လို့ ဆားတောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဆားစျေးက အရင်က တပိဿာ ကျပ် ၂၀၀ ကျော်ရှိရာကနေ ဖေဖော်ဝါရီ ဒုတိယအပတ်မှာတော့ တပိဿာကို ကျပ် ၁၃၀ ဝန်းကျင်ထိ ဈေးနှုန်းကျဆင်းလာကာ အခုစက်သုံးဆီစျေးတွေ၊ လုပ်အားခတွေနဲ့ဆို တွက်ခြေမကိုက်ဘူးလို့ ဆားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ဆားလုပ်ငန်းရှင်တယောက်က “ပြည်တွင်းမှာ ဆားဝယ်လိုအားက စျေးကမရကြတော့ စောင့်ရတယ်။ ငွေရင်းနိုင်တဲ့သူက အမြတ်အစွန်းရကြတယ်။ ဆားတောင်သူတွေ စျေးမကောင်းရင် သိုလှောင်ထားကြတယ်။ ပြည်ပဘက်က မဝယ်ပြန်ရင် ငွေက ကျပ်သိန်းထောင်ချီ ရင်းထားရတယ်။ ငွေမတတ်နိုင်ကြတော့ လက်ရှိပေါက်စျေးနဲ့သာ ရောင်းရင်တော့ အရှုံးနဲ့သာ ရကြတယ်”လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဆားလုပ်ငန်းအလုပ်သမား ရှားပါးလာသလို ဆားလုပ်ငန်းကိုလည်း အရင်က ၁၀ ယောက်လောက်လုပ်ကိုင်ရာက အခုဆို လုပ်ကိုင်သူ တယောက်လောက်ပဲ ရှိတော့တယ်လို့ ဆားလုပ်ငန်း လုပ်ကိုင်ခဲ့သူတယောက်က ပြောပါတယ်။

မွန်ပြည်နယ်မှာ နေလှန်းဆားတွေကို ရေးမြို့နယ်အပြင် သံဖြူဇရပ်နဲ့ ပေါင်မြို့နယ်တွေမှာ အဓိကထုတ်လုပ်နေတာဖြစ်ပြီး နှစ်စဉ် ဆားတန်ချိန် ၅၀,၀၀၀ လောက် ပြည်တွင်းသာမက ပြည်ပနိုင်ငံကိုပါ တင်ပို့ရောင်းချခဲ့တယ်လို့ သိရပါတယ်။

1 month Ago
Up