ဂရိအစိုးရဟာ ဒုက္ခသည်စခန်းတွေကို အစားထိုးဖို့ဆားမော့စ်ကျွန်းပေါ်မှာ စည်းရိုးခတ်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူများဌာနသစ်ကိုစက်တင်ဘာ ၁၈ ရက်မှာ ဖွင့်လှစ်လိုက်ပါတယ်။
အကူအညီပေးရေးအဖွဲ့အစည်းတွေကတော့ ဒီဌာနဟာ ထောင်နဲ့တူတယ်လို့ ဝေဖန်ပြစ်တင်လိုက်တာပါ။
အဆောက်အအုံသစ်ကို သံဆူးကြိုးတွေ ပတ်လည်ခတ်ထားပြီး ညဘက်မှာ ပိတ်ထားမယ့် လျှပ်စစ်တံခါးတွေ တပ်ဆင်ထားပါတယ်။ အစောင့်တွေ ချထားမှာ ဖြစ်တဲ့အပြင် လုံခြုံရေး ကင်မရာတွေလည်း တပ်ဆင်ထားမှာပါ။
ဒီဌာနဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို ပိုကာကွယ်ပေးလိမ့်မယ်လို့ အရာရှိတွေက ပြောပါတယ်။
လောလောဆယ်မှာတော့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ စခန်းတွေထဲမှာ လိင်ပိုင်း ထိပါးတာနဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်နေရပါတယ်။
ဒါပေမယ့် ဂရိအစိုးရ အသစ်ဖွင့်လိုက်တဲ့ ဌာနကတော့ ထောင်နဲ့တူလို့ ဒုက္ခသည်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောပါတယ်။
ဥရောပသမဂ္ဂက ပေးတဲ့ ရန်ပုံငွေ ယူရိုငွေ ၄၃ သန်းနဲ့ ဆောက်ထားတဲ့ ဒီဌာနသစ်ဟာ ကုန်သေတ္တာတွေနဲ့ ရွက်ဖျင်တဲတွေနဲ့ နေထိုင်ကြတဲ့ လူအယောက် ၃ ထောင်လောက်ကို နေစရာ ပေးထားမှာပါ။
လောလောဆယ် နိုင်ငံထဲမှာ ခိုလှုံခွင့်တောင်းခံသူ ၄ သောင်း ၂ ထောင်လောက်ရှိပြီး ၂၀၂၀ ခုနှစ်ကတော့ အယောက် ၈ သောင်း ၂ ထောင်ထိ ရှိခဲ့တယ်လို့ ဂရိအစိုးရ ကိန်းဂဏန်းတွေက ပြထားပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေကို ထိန်းသိမ်းထားမယ့် ဌာနတွေဟာ ခိုလှုံခွင့် တောင်းခံသူတွေကို အကဲဖြတ် စိစစ်နေချိန်မှာ သူတို့ကို ထားဖို့ ဖြစ်ပြီး ဆားမော့စ်၊ ကို့စ်၊ လယ်ရို့စ်၊ လက်စ်ဘို့စ်နဲ့ ခီရို့စ် ကျွန်းတွေပေါ်မှာလည်းအလားတူဌာနတွေ ဆောက်သွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။