စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးဒေသမှာ စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ထားရတဲ့ ရွာသား ပြည်သူ ၈ ဦးထဲက ၃ ဦး ဇူလိုင် ၂၆ ရက် ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းတို့က ကျေးလက်နေပြည်သူတွေ စုပေါင်းပြုလုပ်တဲ့ ရွာပေါင်းစုံသပိတ်စစ်ကြောင်းကို ဇူလိုင် ၂၃ ရက်နေ့မှာ စစ်တပ်က ဖြိုခွင်းပြီး ရွာသားတွေကို ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရသူတွေထဲက ကိုနေဝင်း၊ ကိုအောင်လှိုင်ဝင်းနဲ့ ကိုဝေဠုကျော် တို့ ၃ ဦး မနေ့ညနေက ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာပေါင်းစုံသပိတ်ကို ဖြိုခွင်းခြင်းခံရစဥ်က သပိတ်မှာပါဝင်တဲ့သူတွေ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပေမဲ့ ဆားလင်းကြီးမြို့နယ် ဂုဏ်တောကျေးရွာ စာသင်ကျောင်း မှာထားတဲ့ ကိုဗစ်ပိုးတွေ့လူနာတွေကို ကူညီစောင့်ရှောက်မှုပေးနေတဲ့သူအပါဝင် ကိုဗစ် ၁၉ ပိုး ရှိ/မရှိ ဆေးစစ်မယ့်သူတွေကို လူမှား ဖမ်းဆီးခြင်းခံရတာဖြစ်ပါတယ်။
ရွာသားတွေကိုဖမ်းဆီးစဉ်မှာ ဆိုင်ကယ်တွေနဲ့ပစ္စည်းတစ်ချို့ကိုပါ စစ်ကောင်စီတပ်က ယူသွားတာလို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရသူတွေထဲမှာ DVB သတင်းထောက်ပါဝင်တယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ဘူးလို့လည်း ဆိုပါတယ်။ ဖမ်းဆီးခံရသူ တစ်ဦးဖြစ်တဲ့ ကိုမိုးမင်းဦးက သတင်းထောက်လုပ်ငန်းမလုပ်တာ နှစ်ပေါင်းအတော်ကြာရှိနေကာမှာ စာသင်ကျောင်းမှာ လုပ်အားဒါနကုသိုလ်ဖြစ် ကူညီနေရင်း အဖမ်းခံလိုက်ရတာလို့ ဒေသခံက ပြောပါတယ်။
မလွတ်မြောက်သေးဘဲ ကျန်ရှိနေတဲ့သူတွေအတွက် သူတို့ရဲ့မိသားစုဝင်တွေက စိုးရိမ်မှုနေပြီး အမြန်ဆုံးပြန်လည်လွတ်မြောက်လာဖို့ မျှော်လင့်နေကြတယ်လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ပူးပေါင်းပြီး မေလ ၁၁ ရက်နေ့ကပြုလုပ်တဲ့ စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေးဆန္ဒပြပွဲမှာ ကျောင်းသားနဲ့ ပြည်သူ ထောင်ချီပြီး ပူးပေါင်းပါဝင် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဆန္ဒပြရာမှာပါဝင်တဲ့ ကျောင်းသူလေးတစ်ဦးက "သူတို့ ခြိမ်းခြောက်တိုင်း ကြောက်စရာမလိုဘူး၊ သူတို့မှာ လက်နက်ရှိတယ်။ ကျမတို့ပြည်သူတွေမှာ သတ္တိရှိတယ်။ ကျမတို့မျှော်လင့်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး မကြာခင်ရရှိတော့မှာဖြစ်လို့ ကြောက်စိတ်ကိုဘေးဖယ်ပြီး ကျမတို့ပြည်သူတွေ ခေါင်းကို ရဲရဲမော့ထားကြပါ။ ကျမတို့အနာဂတ် ကျမတို့ပိုင်တယ်"လို့ ပြောပါတယ်။
နှစ်မြို့နယ်ပူးပေါင်းသပိတ်ဟာ စစ်အာဏာရှင်ကို တော်လှန်လာခဲ့တာ ရက်ပေါင်း ၆၂ ရက်မြောက်နေ့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့လက်ချက်နဲ့ ပြည်သူတစ်ဦးကျဆုံးခဲ့ရပေမယ့် နေ့စဉ် ပုံစံမျိုးစုံဆန္ဒဖော်ထုတ်နေတဲ့ သပိတ်တပ်ပေါင်းစုလည်းဖြစ်ပါတယ်။