close

ဆိပ်ခွန်ကျေးရွာ

close

August 25, 2022

ရွှေဘို ဆိပ်ခွန်ကျေးရွာနယ်မြေရဲစခန်းကို PDF က ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာ နယ်မြေရဲစခန်းကို ဩဂုတ် ၂၄ ရက် မနက်ပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ၄၀-မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက် ဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ 96 Soldiers PDF က ထုတ်ပြန်ပါတယ်။

96 Soldiers PDF မှ တပ်ဖွဲ့ဝင်တစ်ဦးက “အဲဒီစခန်းမှာရှိတဲ့ စစ်အုပ်စုဘက်က တယောက် ဒဏ်ရာရသွားတယ်လို့ပဲ ကနဦးသိထားပါတယ်။ ဒီထက်လည်း ပိုချင်ပိုနိုင်တာပေါ့။ ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေဘက်တော့ အထိအခိုက်မရှိခဲ့ပါဘူး။ ဆိပ်ခွန်စခန်းက စစ်အုပ်စုက အနီးအနားကျေးရွာတော်တော်များများမှာည်း သောင်းကျန်းနေတာတွေ ရှိ‌တယ်” လို့ ပြောပါတယ်။

ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုတွေလည်းရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့တွေ  ရဲစခန်းကို အင်အားဖြည့်ဖို့ ထပ်မံရောက်ရှိလာတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနီးဝန်းကျင်က ဒေသခံကား နှစ်စီးကို ဖမ်းဆီးထားပြီး ပြည်သူတွေကိုလည်း စစ်ဆေးနေပါတယ်။

ဆိပ်ခွန်ကျေးရွာနယ်မြေရဲစခန်းတိုက်ခိုက်မှုမှာ 96 Soldiers PDF အပါဝင်  ရွေဘိုမြို့နယ် တပ်ရင်း ၅ မှ တပ်ခွဲ ၃၊ MDF  SHWE BO၊ SHWE BO FEDERRL ARMY ၊ BO BA TAW၊   SNAKE EYES (LPDF)၊ C & T  (LPDF) ၊ ဒေါင်းမာန်(LPDF) ၊ Alpha 7 (LPDF) ၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ် ၊ရွှေဘိုတိုက်နယ်(၂) ၊  စွန်ရဲ LPDF ၊ ဗိုလ်ကျားရိုင်း ရွှေဘို၊  ဇေယျာသွေး ကျားရိုင်း (LPD) နဲ့ ဇာမဏီဒေါင်း ( LPDF) တို့မှ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ 

အခုလဆန်း ဩဂုတ် ၂ ရက်ကလည်း ဆိပ်ခွန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ၄၀-မမ ဗုံးပစ်လောင်ချာနဲ့ရော ဒရုန်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

6 mins Ago

July 18, 2021

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် လူငယ် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာမှာ ဇူလိုင် ၁၈ ရက် မနက် ၁ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ရွာသားလူငယ် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက အတည်ပြုပါတယ်။

ဆိပ်ခွန်ကျေးရွာမှာ စစ်ကောင်စီက ဇူလိုင် ၁၇ ရက်နေ့ည ၁၀ နာရီလောက်ကတည်းက စစ်ကားနှစ်စီးနဲ့ဝင်ရောက်လာခဲ့ပြီး အသံဗုံးနဲ့ သေနတ် အချက် ၃၀ ကျော် ပစ်ခတ်ဖောက်ခွဲခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

“အပစ်ခံရတဲ့သူတွေက အသက် ၂၀ ကျော်အရွယ် လူငယ်လေးယောက်ဖြစ်ပါတယ်။ သူတို့လာတာကို ပြေးလို့ပစ်တာပါ” လို့ ရွာခံတယောက်က ပြောပါတယ်။

သေဆုံးသွားတဲ့ လူငယ် ၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို မူးမြစ်ရိုးမှာပုံထားပြီး အလောင်းပြန်ကောက်ခွင့် မရသေးဘူးလို့ ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ် အဖွဲ့ဝင်တယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ရွာသားတချို့ဒဏ်ရာရခဲ့ပြီး အသေးစိတ်အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဇူလိုင် ၁၈ရက် မနက် ၇ နာရီကျော်အချိန်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ ဆိပ်ခွန်(မြောက်)‌ဈေးကို မွှေနှောက်ရှာဖွေခဲ့တယ်လို့သိရပါတယ်။ မနက် ၈ နာရီမှာတော့ ဆိပ်ခွန်ရွာကနေ တက်တူရွာဘက်ကို အင်အားအပြည့်နဲ့ စစ်ကားအကြီးတစ်စီး ထွက်ခွာသွားတယ်လို့ ရွာခံတယောက်က ပြောပါတယ်။

ဆိပ်ခွန်ရွာဟာ ရွှေဘိုမြို့ရဲ့ အနောက်ဘက် ၇ မိုင်အကွာ၊ မုံရွာမြို့နဲ့ ၆၄ မိုင်အကွာ ရွှေဘို–မုံရွာ ကားလမ်းမကြီးရဲ့ ဝဲယာမှာ တည်ရှိတဲ့ရွာကြီးတရွာ ဖြစ်ပါတယ်။  ဆိပ်ခွန်ရွာမှာ လူဉီးရေ ၁ သောင်းကျော် နေထိုင်ပြီး အိမ်ခြေ ၁၇၀၀ ကျော်ရှိပါတယ်။

1 year Ago
Up