close

ဆိပ်ဖြူ

close

April 11, 2023

မတ္တရာမြို့နယ် ကင်းရွာ မီးရှို့ခံရ၊ ဆိပ်ဖြူတွင် စစ်တပ်က နေအိမ် ၁ လုံးကို မီးရှို့ပြီး ဒေသခံ တဦးအား ရိုက်နှက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာကို ဧပြီ ၁၁ ရက်နေ့ မနက်အစောပိုင်းမှာ စစ်အုပ်စုက မီးရှို့ခဲ့တယ်လို့ မတ္တရာဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက် ၆ နာရီ၊ မိနစ် ၄၀ လောက်မှာ အုန်းလွတ်ကျေးရွာကနေ လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တခုက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့‌တာကြောင့် စစ်ကောင်စီတပ်တွေက ကင်းရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

မနက် ၉ နာရီလောက်မှာ မီးရှို့ခဲ့ပြီး အဆိုပါကျေးရွာမှာ ဆက်လက်စခန်းချနေတာကြောင့် နေအိမ် ဘယ်လောက်ထိ မီးရှို့ခံခဲ့ရတယ်ဆိုတာ မသိသေးဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒေသခံတဦးက "စစ်ဘေးရှောင်တွေလည်း ကျနော်တို့ ကူညီနေရတာ ၁၂၀ လောက်ရှိတယ်။ ကျနော်တို့ စခန်းတော့ ဖွင့်မထားဘူးပေါ့။ သူတို့ ရှိတဲ့နေရာကို သွားပြီးတော့ ကျွေးမွေးတဲ့ ကိစ္စတွေလုပ်နေရတာ" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မတ္တရာနယ်အတွင်းက အုန်းလွတ်နဲ့ ကျောက်ဆည်လေးရွာမှာ တပ်စွဲထားသလို ကင်းကျေးရွာကိုလည်း မကြာခဏ ဝင်ရောက်မီးရှို့နေတာကြောင့် ဒေသခံတွေဟာ  ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဒီရက်ပိုင်းမှာ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတလျှောက်မှာလည်း MI 35 တိုက်လေယာဉ်တွေနဲ့ လိုက်လံပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာလည်း ဧပြီ ၁၀ ရက်နေ့ညမှာ စစ်ကောင်စီတပ်က နေအိမ် ၁ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူ ၁ ယောက်ကို သေနတ်ဒင်နဲ့ ရိုက်နှက်ခဲ့တာကြောင့် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိပ်ဖြူမြို့နယ် ထမ္မကောက်ရွာစာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ဟာ ဧပြီ ၁၀ ရက်နေ့ ည ၁၀ နာရီလောက်မှာ နုံးပုံရွာ(ခေါ်)အောင်ချမ်းသာရွာကို  ကားနဲ့လာပြီး ဝင်ရောက်မွှေနှောက်ကာ နေအိမ် ၁ အိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ကြတာလို့ နုံးပုံကျေးရွာ ဒေသခံတယောက်က ​ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်သားတွေက အသက် ၄၅ နှစ်အရွယ် ကိုအောင်ကျော်ဌေးကို သေနတ်ဒင်တွေနဲ့ရိုက်နှက်ခဲ့တာကြောင့် အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာဆေးခန်းတခုမှာ ဆေးကုသပေးထားတယ်လို့ ဆိုပါတယ်။

နုံးပုံရွာ(ခေါ်)အောင်ချမ်းသာရွာမှာ အိမ်ခြေ ၆၀ ဝန်းကျင်လောက်ရှိပြီး စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာလို့ ပြည်သူ ၂၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်(...)တွေက ညဘက်ကြီး ရှောင်တခင်ဝင်လာတာဆိုတော့ ဘာမှကို ယူချိန်မရဘဲ ထွက်ပြေးခဲ့ရတာ။ စားဝတ်နေရေးတွေကတော့ အခက်ခဲဖြစ်တာပေါ။ လောလောဆယ်မှာတော့ အနီးပတ်ဝန်းကျင်ကျေးရွာတွေက စားရေးသောက်ရေးအတွက် စီစဥ်ပေးထားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းပိုက်ချိန်ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ မကွေးတိုင်အတွင်းကကျေးရွာတွေကို စစ်ကြောင်ထိုးပြီး မီးရှို့ဖျက်ဆီးခဲ့လို အိမ်ခြေပေါင်း ၉၀၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့ကာ တနိုင်ငံလုံးအတိုင်းတာနဲ့ အိမ်ခြေပေါင်း ၆၀၄၅၉ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ Data For Myanmar က မတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

9 hours Ago

February 25, 2023

ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦးသေ၊ ဆိပ်ဖြူမြို့နယ်၌ PDF လူငယ် ၁ ဦး ကျဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ယောက် သေဆုံးကာ ၅ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါ တောင်ပိုင်း-PDF ကနေ သိရပါတယ်။

မြစ်သာဆည်ပေါ်ကနေ့ ထွက်လာတဲ့ ခလရ ၅၀ က အင်အား ၈၉ ယောက်လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို  မနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက မင်းရွာကျေးရွာ တောင်ဘက်နားအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဂန့်ဂေါတောင်ပိုင်း-PDF ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုတိုးကြီးက ပြောပါတယ်။

နှစ်ဘက်အပြန်အလှန် နာရီဝက်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးကာ ၅ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မင်းရွာကျေးရွာထဲက ပြည်သူတွေ ပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူနေတယ်လို့ ရွာသားတွေထံက သိရပြီး တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်လို့ မိဘပြည်သူတွေအနေနဲ့ ဂန့်ဂေါ-မင်းရွာ ကားလမ်းကို အသုံပြုသွားလာတာတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းကိုလည်း ဖေဖော်ဝါရီ ၂၃ ရက် ညမှာ ဒေသကာကွယ်ရေး ပူးပေါက်တပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မင်းဘူးခရိုင် ပ.က.ဖ က သိရပါတယ်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာတော့  ဖေဖော်ဝါရီ ၂၄ ရက်က မိုင်းထောင်ဖို့ ကြိုးစားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကို စစ်တပ်က ပစ်ခတ်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

မြို့နယ်မြောက်ပိုင်းကို ဝင်ရောက်လာတဲ့ စစ်ကြောင်းကို ဖြတ်တောက်ဖို့ ကြိုးစားခဲ့ပြီး အပြန်လမ်းမှာ စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့်  ရဲဘော်တွေ အသက်လု ပြေးချိန်   ရဲဘော် တစ်ယောက် ခြေထောက် ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ကျည်ထိတဲ့ ရဲဘော် ကျားလေး ၁၉ နှစ်ကို အချိန်မီကယ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမဲ့ အချိန်မီ မရောက်ခဲ့လို့ အသက်မကယ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဆိပ်ဖြူမြောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲမှာ ပေးဆပ်ခဲ့ရတဲ့ ရဲဘော် နှစ်ယောက် တောင် တလ မပြည့်သေးဘူး။ နောက်ထပ်ရဲဘော် တစ်ယောက် ပေးဆပ်လိုက်ရပြန်ပြီ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်ကလည်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆရာနဲ့ အသက် ၁၈ နှစ် အရွယ် ရဲဘော်တဦး မိုင်း မတော်တဆမှုနဲ့ သေဆုံးခဲ့ပါတယ်။

2 months Ago
Up