သြစတြေးလျနိုင်ငံကို ဆိုက်ဘာတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ခုန်တက်သွားပြီး အချိန် ၇ မိနစ်တိုင်း ၁ ကြိမ် တိုက်ခိုက်မှုရှိနေကြောင်း နိုဝင်ဘာ ၄ ရက်က ထုတ်ပြန်တဲ့ အစိုးရအစီရင်ခံစာမှာ ဖော်ပြပါတယ်။
သြစတြေးလျ ဆိုက်ဘာလုံခြုံရေးစင်တာ (ACSC) ဟာ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်မှာ ဆိုက်ဘာရာဇဝတ်မှု အစီရင်ခံစာ ၇၆,၀၀၀ ရရှိခဲ့ပြီး အရင်ကာလထက် ၁၃ ရာခိုင်နှုန်း ပိုများလာတယ်လို့ သူ့ရဲ့ နောက်ဆုံး နှစ်ပတ်လည် ဆိုက်ဘာခြိမ်းခြောက်မှု အစီရင်ခံစာအရ သိရပါတယ်။
တိုက်ခိုက်မှု ထက်ဝက်ကျော်လောက်က လူတဦးချင်းစီကို လိမ်လည်မှုနဲ့ ခိုးမှုတွေအတွက် ပစ်မှတ်ထားခဲ့ပေမဲ့ နိုင်ငံတော်အထောက်အပံ့နဲ့ တိုက်ခိုက်သူတွေကတော့ ဆိုက်ဘာနယ်ပယ်လောကကို စစ်မြေပြင်လို လုပ်ဆောင်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အစီရင်ခံစာက သတိပေးထားပါတယ်။
တရုတ်နိုင်ငံ လုံခြုံရေးဝန်ကြီးဌာန၊ အီရန်၊ ရုရှားနိုင်ငံတွေနဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ကိုးကားပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဆိုက်ဘာကျွမ်းကျင်သူ အင်အားနည်းပါးနေတာဟာ ဒီလိုချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ သြစတြေးလျနိုင်ငံမှာ ဝန်ထမ်းနည်းပါးပြီး အလုပ်ဝန်ပိနေတဲ့ ဆိုက်ဘာလုံခြုံရေး အထူးကျွမ်းကျင်သူတွေအတွက် ပိုခက်ခဲစေကြောင်း ပညာရှင်တွေက ရိုက်တာသတင်းဌာနကို ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။
သောကြာနေ့ကထုတ်ပြန်တဲ့ ဆိုက်ဘာခြိမ်းခြောက်မှု အစီရင်ခံစာမှာ Optus နဲ့ Medibank ဟက်ခ်တွေဟာ အတော်လေးကို ခေတ်နောက်ကျနေကြောင်းနဲ့ အဓိကအဖြစ်အပျက် အများစုဟာ ဆော့ဖ်ဝဲအပ်ဒိတ်လုပ်တာ မလုံလောက်မှုကြောင့်ဖြစ်ကြောင်း စွပ်စွဲချက်တွေကို အလေးပေး ဖော်ပြထားပါတယ်။