မြောက်ကိုရီးယားရဲ့ ဆိုက်ဘာတိုက်ခိုက်မှုစွမ်းရည်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ အိမ်ဖြူတော် အကြီးတန်း အရာရှိတစ်ယောက်က ဇူလိုင် ၂၃ ရက်မှာ ပြောခဲ့တဲ့ မှတ်ချက်ကို မြောက်ကိုရီးယား အစိုးရက ရှုတ်ချလိုက်ပါတယ်။
မြောက်ကိုရီးယားကို ရာဇဝတ်ကောင်တွေရဲ့ အုပ်စုအဖြစ် တံဆိပ်ကပ်ခြင်းဟာ မြောက်ကိုရီးယား အပေါ် အမေရိကန်အစိုးရရဲ့ ရန်လိုတဲ့မူဝါဒရဲ့ သဘောတရား အမှန်ကို ထုတ်ဖော်ပြသခဲ့တာပဲလို့ ပြောပါတယ်။
ဆိုက်ဘာနဲ့ နည်းပညာဆိုင်ရာ အမေရိကန်အမျိုးသားလုံခြုံရေးဆိုင်ရာ လက်ထောက်အကြံပေး အန်းန်နူးဘာဂါက မြောက်ကိုရီးယားဟာ နိုင်ငံတစ်ခုရဲ့အသွင်ဆောင်ပြီး ဝင်ငွေရှာဖွေနေတဲ့ ရာဇဝတ်ဂိုဏ်းအဖွဲ့တစ်ခုဖြစ်တယ်လို့ ဇူလိုင် ၂၁ ရက်က ပြောခဲ့တာပါ။
မြောက်ကိုရီးယားနိုင်ငံမှာ လေ့ကျင့်သင်ကြားထားတဲ့ ဟက်ကာတွေ ထောင်နဲ့ချီရှိနေတယ်လို့ ယုံကြည်ရပြီး ဒစ်ဂျစ်တယ် ငွေကြေး ခိုးယူတာဟာ ဒဏ်ခတ်ပိတ်ဆို့မှုဒဏ်ကို ခံခဲ့ရတဲ့ မြောက်ကိုရီးယားနိုင်ငံအတွက် အဓိကရန်ပုံငွေတစ်ရပ်ဖြစ်လာနေတယ်လို့လည်း ဆိုပါတယ်။
"ဆိုက်ဘာလုံခြုံရေးဟာ အမျိုးသားလုံခြုံရေး" ဖြစ်တယ် လို့ ဆိုက်ဘာကာကွယ်ရေး ဦးစီးချုပ် Paul Nakasone က မေ ၁၄ ရက်မှာ အောက်လွှတ်တော်ကော်မတီရှေ့မှောက် သက်သေခံချက်မှာ ကွန်ဂရက်စ်ကို ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အကြီးမားဆုံး လောင်စာပိုက်လိုင်းဖြစ်တဲ့ ကိုလိုနီပိုက်လိုင်းကို ဟက်ကာတွေရဲ့ စံချိန်တင် အနှောင့်အယှက်ပြု တိုက်ခိုက်မှုကြောင့် အချိန်တပတ်ကြာလောက် လောင်စာဆီပြတ်လပ်မှု ဖြစ်ပွားခဲ့အပြီးမှာ ပြောကြားခဲ့တာပါ။
အက်ဖ်ဘီအိုင်ဆိုက်ဘာစုံထောက်တွေဟာ ယူအက်စ် စွမ်းအင်အခြေခံအဆောက်အဦရဲ့ အစိတ်အပိုင်း အတော်များများကို အားနည်းချည့်နဲ့စေတဲ့ တိုက်ခိုက်မှုကို စုံစမ်းရှာဖွေရာမှာ အီလီနွိုက်စ်နည်းပညာကုမ္ပဏီအပါအဝင် အခြားကုမ္ပဏီသုံးခုကနေ လုံခြုံရေးကျိုးပေါက်တဲ့ အချက်အလက်တွေကို တွေ့နေရတယ်လို့ ဒီကိစ္စအတွက် တာဝန်ပေးထားတဲ့ DarkSide အဖွဲ့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဆိုက်ဘာရာဇ၀တ်မှုကျူးလွန်ဖို့ အရေးပါတဲ့ အမေရိကန် အခြေခံ အဆောက်အဦတွေရဲ့ အားနည်းချက်ကို ထင်ရှားစေပါတယ်။
ကြာသပတေးနေ့ နှောင်းပိုင်းမှာတော့ အရှေ့ဘက်ကမ်းခြေ တလျှောက် စျေးကွက်တွေဆီ ပင်လယ်ကွေ့ကမ်းခြေရှိ သန့်စင်စက်ရုံတွေနဲ့ ချိတ်ဆက်ထားတဲ့ ပိုက်လိုင်းစနစ်တစ်ခုလုံးကို ပြန်လည်စတင်လိုက်ပြီလို့ ကိုလိုနီပိုက်လိုင်းက ကြေညာခဲ့ပါတယ်။
ကိုလိုနီပိုက်လိုင်းကတော့ ဟက်ကာတွေ ငွေကြေးဘယ်လောက် ရှာသွားဆိုတာရယ် သူတို့ကို ပေး၊ မပေး စတာတွေကို ဘာမှ ထုတ်ဖော်ပြောကြားတာ မရှိတဲ့အပြင် ကိုလိုနီ ပိုက်လိုင်းမှာ ရွေးနုတ်ငွေတွေကို ပုံမှန်အားဖြင့် ဖုံးကွယ်ပေးတဲ့ အာမခံအမျိုးအစား ရှိတယ်လို့ ဒီကိစ္စနဲ့ ကျွမ်းဝင်နေသူ ၃ ယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။