close

ဆိုင်ကယ်ကယ်ရီ

close

May 26, 2022

သန်လျင်တွင် ဆိုင်ကယ်ကယ်ရီဆွဲသူများ ကတ်ပြားပြုလုပ်ပြီးမှ မောင်းနှင်ခွင့်ရ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ ဆိုင်ကယ်ကယ်ရီဆွဲသူတွေ မောင်းနှင်ခွင့်ကတ်ပြား ပြုလုပ်ပြီးမှသာ ဆိုင်ကယ်မောင်းခွင့်ရမယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူတွေအနေနဲ့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာ မှတ်ပုံတင်အထောက်အထားနဲ့ ငွေပေးပြီး မောင်းနှင်ခွင့်ကတ်ပြား ပြုလုပ်ရမှာလို့ ဆိုပါတယ်။

သန်လျင်မြို့တွင်း ဆိုင်ကယ်ကယ်ရီ ပြေးဆွဲသူတဦးက “သန်လျင်မြို့နယ်ထဲမှာ ဆိုင်ကယ်စီးနှင်းခွင့် ပြီးခဲ့တဲ့ တပတ်ကတည်းက ပိတ်ထားတယ်။ အဲ့ရက်ကဆို ဆိုင်ကယ်တွေ ဖမ်းသွားတာ အများကြီးပဲ။ ခုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာ အထောက်အထားပြပြီး မောင်းနှင်ခွင့်ရမယ်” လို့ ပြောပါတယ်။

သန်လျင်မြို့နယ်အတွင်း ဆိုင်ကယ်ကယ်ရီပြေးဆွဲသူတွေအနေနဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ဓာတ်ပုံတပုံ၊ ပိုက်ဆံ ၁၀,၀၀၀ ကျပ်နဲ့ စာရင်းပေးထားရမှာဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံးက ဆိုင်ကယ်မောင်းခွင့်ကတ်ပြား ထုတ်ပေးမယ်လို့ အုပ်ချုပ်ရေးမှူးရုံးတွေက လိုက်လံကြေညာထားပါတယ်။

အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတဦးက “ဆိုင်ကယ် ကယ်ရီမောင်းသူတွေကို ထုတ်ပေးတဲ့ မောင်းနှင်ခွင့်ကတ်ပြားက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပေးတဲ့ကတ် မဟုတ်ပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှာ အထောက်အထားနဲ့ လုပ်ရတဲ့ကတ် ဖြစ်ပါတယ်" လို့ ပြောပါတယ်။

မေ ၁၈ ရက်က စတင်ပြီး သန်လျင်မြို့နယ်ထဲ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားပြီး အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဆိုင်ကယ်စီးနင်းခွင့်ကတ်ပြား ပြုလုပ်သူ အနည်းငယ်သာ ရှိပါသေးတယ်။

သမိုင်းလမ်းဆုံ လုံခြုံရေးဂိတ်မှာ မေ ၁၇ ရက်က ဗုံးပစ်ဖောက်ခွဲခံရပြီး နောက်ရက်မှ စတင်ကာ သန်လျင်မြို့နယ်၊ အင်းစိန်မြို့နယ်နဲ့ ယုဇနဥယျာဉ်မြို့တော်တွေမှာ ဆိုင်ကယ်စီးနင်းသူတွေကို စစ်ကောင်စီတပ်က ဆိုင်ကယ်သိမ်းယူတာ ဖမ်းဆီးဒဏ်ငွေဆောင်ခိုင်းတာတွေ ပြုလုပ်နေပါတယ်။

57 seconds Ago

April 21, 2022

ရွှေပြည်သာနှင့် လှိုင်သာယာတွင် စစ်ကောင်စီက ဆိုင်ကယ်ဖမ်းဆီးစစ်ဆေးမှု ပိုမိုပြုလုပ်လာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆင်ခြေဖုံးမြို့နယ်ဖြစ်တဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာ မြို့နယ်တွေမှာ ဧပြီ ၁၉ ရက်ကစ မော်တော်ဆိုင်ကယ်တွေကို ဖမ်းဆီးစစ်ဆေးတာ ပိုများလာတာကြောင့် ဆိုင်ကယ်စီးပြည်သူတွေနဲ့ ကယ်ရီသမားတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

လှိုင်သာယာမြို့ခံတဦးက “မြို့ထဲမှာ ဆိုင်ကယ်စစ်ဆေးတာတော့ စစ်ကောင်စီလက်ထက် နေ့တိုင်းနီးနီး လုပ်တယ်။ ခုနောက်ပိုင်း ဆိုင်ကယ်စစ်ဆေးမှုတင် မဟုတ်တော့ဘဲ ဖမ်းဆီးထိန်းသိမ်းတာတွေပါ လုပ်လာနေတယ်” လို့ ပြောပါတယ်။

ဆိုင်ကယ်စီးပြည်သူတဦးက “ဧပြီ ၁၉ ရက်နေ့က အရပ်သတင်းကြားတာ။ မြို့ထဲမှာ ဆိုင်ကယ်ဖမ်းနေတယ်၊ ပြန်မပေးဘူးပြောတယ်။ ဆိုင်ကယ်စီး ပပျောက်ရေး စီမံချက်လို့လည်း ကြားတယ်” လို့ ပြောပါတယ်။

ဧပြီ ၁၉ နဲ့ ၂၀ နှစ်ရက်ဆက် လှိုင်သာယာ မီးခွက်ဈေးအောက်ထိပ်၊ အထက ၂ ရှေ့၊ ပင်လုံဈေးရှေ့၊ ရွှေနဂါးလမ်းဆုံနဲ့ ဆီဆိုင်တွေရှေ့မှာ အများဆုံး ဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ရွှေပြည်သာမြို့နယ်မှာလည်း စစ်ကောင်စီက ဆိုင်ကယ်စီးသူတွေကို ဖးဆီးနေတာကြောင့် အခက်တွေ့နေတယ်လို့ ဆိုင်ကယ်ကယ်ရီသမားတဦးက ပြောပါတယ်။

“ကိုယ်က ဆိုင်ကယ် ကယ်ရီဆွဲတာ။ စစ်တပ်က အခုရက်ပိုင်း နေရာအနှံ့ ဆိုင်ကယ် ဖမ်းဆီးနေတာကြောင့် အလုပ်လုပ်ရတာလည်း စိုးရိမ်ကြောင့်ကြနေရတာနဲ့ အဆင်ကို မပြေဘူး။”

ရွှေပြည်သာမြို့နယ်တော့ ၁၄ လမ်းဆုံ၊ ဆောက်လုပ်ရေးမှတ်တိုင်၊ ငါးကန်ထိပ်နဲ့ ၁၉ လမ်းဆုံတွေမှာ အများဆုံး ဖမ်းဆီးတယ်လို့ သိရပါတယ်။

1 month Ago
Up