ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဒီဇင်ဘာ ၆ ရက် ဒီနေ့ကစပြီး အများပြည်သူတွေ ဆိုင်ကယ်စီးနင်းမောင်းနှင်ခွင့် တရားဝင် ပိတ်သိမ်းလိုက်ပြီလို့ အုပ်ချုပ်ရေးမှူးရုံးတွေက ရပ်ကွက်အတွင်း လှည့်လည်သတိပေးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
လူနေထိုင်ရာ ရပ်ကွက်တွေနဲ့ အဓိကကားလမ်းမကြီးတွေ ဝေးကွာတာကြောင့် ဒေသခံတွေဟာ ဆိုင်ကယ်ကို အဓိက အားထားအသုံးပြုနေရပြီး ဆိုင်ကယ် စီးခွင့်ပိတ်လိုက်တာဟာ သွားလာရေး အလွန်ခက်ခဲသွားတယ်လို့ လှိုင်သာယာမြို့ခံတွေက ပြောပါတယ်။
လှိုင်သာယာမြို့ခံ တဦးက “ အခက်အခဲကတော့ လမ်းလျှောက်သွားနိုင်သွား။ မသွားနိုင်ရင် သုံးဘီးဆိုင်ကယ် စီးရမှာ။ ဒါပေမဲ့ သုံးဘီးလည်း မထင်ရင် ဖမ်းတာကို တွေ့ရပါတယ်။ ပိုက်ဆံ ကုန်တာ အတူတူပါပဲ၊ တယောက် တစ်ထောင်ပါ၊ သွားလာရေးခက်တာကတော့ သုံးဘီးဆိုင်ကယ် ခေါ်ဖို့ ခက်တာမျိုး ဖြစ်မယ်” လို့ ပြောပါတယ်။
အရပ်သားတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေကို ဆိုင်ကယ်စီးပြီး သတ်ဖြတ်သူတွေ ရှိတာကြောင့် မြို့နယ်ထဲနဲ့ ရပ်ကွက်ကျေးရွာပါမကျန် ဆိုင်ကယ်စီးခွင့်တားမြစ် လိုက်တာလို့ အုပ်ချုပ်ရေးအဖွဲ့ အသိပေးစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဆိုင်ကယ် စီးနင်းမောင်းနှင်သူတွေကို အရေးယူကာ ဆိုင်ကယ်ပါ သိမ်းမယ်လို့ ဆိုထားပါတယ်။
ဒေသခံ တဦးက “အခြေခံလုပ်ခစားတွေမို့ ဆိုင်ကယ် မသုံးမဖြစ်တော့ သုံးနေရမှာပါပဲ။ အရင်ကလည်း စာတွေ ထုတ်ပြန်တယ်။ ဖမ်းတာတွေလည်း ရှိတယ်ဆိုပေမဲ့ အခုလို တိတိပပကြီး ကြေညာတာမျိုးမရှိဘူး။ ဆိုင်ကယ်မောင်းတဲ့သူတွေကတော့ အများကြီးဆိုတော့ တနည်းမဟုတ်တနည်းတော့ အသုံးပြုနေကြဦးမယ်လို့ ထင်ပါတယ်။ ဆိုင်ကယ်ဖမ်းမိလို့ အရေးယူတာမျိုးဆိုရင်တော့ ကိုယ့်ဘာသာ ညှိနှိုင်းလို့ရချင်ရမယ် အခြေအနေက မစိုးရိမ်ရဘူးလေ။ ဒါပေမဲ့ ပစ်ခတ်ဖမ်းဆီးလာမှာ စိုးရိမ်တယ်” ဆိုပါတယ်။
နိုဝင်ဘာလကလည်း ရန်ကုန်တိုင်းထဲက ခရမ်း၊ သန်လျင်၊ တွံတေးနဲ့ ဒလမြို့နယ်တွေကို စစ်ကောင်စီက ဆိုင်ကယ်စီးခွင့် ပိတ်တယ်လို့ ကြေညာခဲ့ပေမဲ့ အခုလို သတိပေးတာတွေတော့ မရှိသေးဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်ကန့်သတ်လိုက်ပြီး ၂ ရက်အကြာမှာ ဆိုင်ကယ် တစီး ၂ ယောက်စီးလာတဲ့ အမျိုးသမီး ၂ ယောက် ပစ်ခတ်ဖမ်းဆီးခံရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
နိုဝင်ဘာ ၂၆ ရက်က အခွန်လွတ်ဈေးနားက စစ်ဆေးရေးဂိတ်မှာ စစ်ဆေးဖို့ ရပ်တန့်ခိုင်းပေမဲ့ မရပ်ဘဲ ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သူတို့လိုပဲ နှစ်ယောက်စီးတဲ့ သူတွေ ရှိတယ်။ တခြားစစ်ဆေးရေးဂိတ်တွေဆို နှစ်ယောက်စီးတာ တွေကို ဖမ်းတယ်။ ဒဏ်ငွေ ဆောင်ခိုင်းတယ်။ အခွန်လွတ်စျေးနားမှာ စစ်ဆေးတာ မရပ်လို့ သူတို့ နှစ်ယောက်ကို စစ်သားတွေက ပစ်လိုက်တယ်။ ဖမ်းခံလိုက်ရတယ်။ ထိခိုက်ဒဏ်ရာနဲ့ နောက်ဆက်တွဲကို မကြားသေးဘူး။”
ပခုက္ကူမြို့မှာ ဆိုင်ကယ်စီးနင်းတာကို နိုဝင်ဘာ ၂၄ ရက်က စတင် ကန့်သတ်တား မြစ်လိုက်တာဖြစ်ပြီး မြို့အတွင်း ဆိုင်ကယ် တစီးကို လူတယောက်သာ နာရီကနေ ညနေ ၆ နာရီအထိသာ မောင်းနှင်ခွင့်ရှိတဲ့အပြင် ည ၆ နာရီမှ နောက် တနေ့ မနက် ၈ နာရီအထိ လုံးဝ စီးနင်းခွင့်မရှိဘူးကြောင်း စစ်ကောင်စီက ကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပခုက္ကူမြို့အတွင်းက အဓိကလမ်းမတွေနဲ့ မြို့အဝင်အထွက်နေရာတွေမှာ စစ်ဆေးရေး တင်းကျပ်နေပြီး လတ်တလော ဆိုင်ကယ် ၂ ယောက်စီးတာကြောင့် ဖမ်းဆီးခံရသူ ၁၀ ယောက် ရှိပြီး ပစ်ခတ်ဖမ်းဆီးခံရသူ အမျိုသမီး ၂ ယောက် ရှိပါတယ်။
ဒေသခံတဦးက “ဘယ်သူမဆို တစီးကို တယောက်ပဲစီးရမယ်ဆိုတော့ အကုန်အခက်ခဲ ဖြစ်နေကြတယ်။ ကျန်းမာရေးမကောင်းသူ၊ ဆိုင်ကယ် မမောင်းတတ်သူ၊ သက်ကြီးရွယ်အိုတွေ၊ စျေးသမားတွေကျ သွားရေးလာရေးခက်ခဲသွားပြီ"လို့ ပြောပါတယ်။
မကွေးတိုင်းအတွင်း အကြမ်းဖက်တွေက ဆိုင်ကယ်စီးနင်းကာ လက်နက်ငယ်နဲ့ပစ်ခတ်တာ၊ လက်လုပ်မိုင်းနဲ့ ပစ်တာ၊ မိုင်းထောင်ဖောက်ခွဲတာ၊ လုယက်တာနဲ့ပြန်ပေးဆွဲတာတွေကို လုပ်နေတာကြောင့် ရက်ပေါင်း ၆၀ ကန့်သတ်တား မြစ်လိုက်တယ်လို့ နိုဝင်ဘာ ၂၄ ရက် ပခုက္ကူမြို့ ထွေ/အုပ်ဦးစီးဌာနက ကြေညာထားတယ်လို့ ဆိုပါတယ်။