close

ဆိုင်ကယ်စီးနင်းမှု

close

November 16, 2021

မြိတ်မြို့တွင် ဆိုင်ကယ်တစီး နှစ်ယောက်စီးပါက ပစ်ခတ်မည်ဟု စစ်ကောင်စီခြိမ်းခြောက်

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ အမျိုးသားနှစ်‌ယောက် ဆိုင်ကယ်စီးရင် အမေးအမြန်း မရှိ ပစ်ခတ်မယ်လို့ အာဏာသိမ်း စစ်ကောင်စီက လိုက်လံကြေညာနေတယ်လို့ မြို့ခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အမျိုးသားနှစ်‌ယောက် ဆိုင်ကယ်စီးရင် ဒါမှမဟုတ် အမျိုးသမီး မောင်းတဲ့ ဆိုင်ကယ်နောက်မှာ အမျိုးသား လိုက်ပါစီးနင်းရင် အမေးအမြန်းမရှိ ပစ်ခတ်မယ်လို့ နိုဝင်ဘာ ၁၅ ရက်နေ့ ညပိုင်းမှာ လိုက်လံကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို လိုက်လံကြေညာရာမှာ ပညာပေးကာလကို နိုဝင်ဘာလ ၁၈ ရက်နေ့ထိ သတ်မှတ်ထားပြီး နိုဝင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်မှာ ဖမ်းဆီးအရေးယူမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၀ ရက်နေ့ နောက်ပိုင်းကစပြီး အမေးအမြန်းမရှိ ပစ်ခတ်သွားမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာလည်း စစ်ကောင်စီက အမျိုးသား နှစ်ယောက် ဆိုင်ကယ်အတူးစီးတာနဲ့ အမျိုးသမီးမောင်းတဲ့ ဆိုင်ကယ်အနောက်မှာ အမျိုးသားလိုက်ပါ စီးနင်းခွင့် မရှိဘူးလို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အခုလို ကြေညာချက်ကြောင့် ဆိုင်ကယ်တက္ကဆီသမားတွေ အပါအဝင် ဒေသခံပြည်သူတွေ အခက်အခဲနဲ့ရင်ဆိုင်နေရပြီး စစ်ကောင်စီရဲ့ အခုအမိန့်ကို မကျေမနပ်ဖြစ်နေတာ ဖြစ်ပါတယ်။ ရန်ကုန်မှာလည်း အလားတူ အမိန့်ထုတ်ထားတဲ့ အပြင် Mask တပ်သူတွေကိုပါ  ဒဏ်ငွေ ရိုက်နေပါတယ်။

2 mins Ago
Up