close

ဆိုင်ကယ်စီးလာသူ

close

December 14, 2021

လှိုင်သာယာတွင် ဆိုင်ကယ်စီးလာသူကို စစ်ကောင်စီက ကားဖြင့်တိုက် ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစျေးအနီးမှာ ဒီဇင်ဘာ ၁၄ ရက် မနက် ၉ နာရီလောက် ဆိုင်ကယ်စီးလာသူ လူငယ်တစ်ဦးကို စစ်ကောင်စီက ကားနဲ့တိုက်ပြီး ဖမ်းဆီခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကားတွေကအိမ်စီးကားတွေ၊ ကားက နှစ်စီး။ အစက ဆိုင်ကယ်နဲ့ ကားတိုက်တယ်ထင်တာ၊ ပြီးမှ ဆိုင်ကယ်ကို တိုက်မိတဲ့ ကားတွေထဲက စစ်သားတွေ ထွက်လာပြီး ဆိုင်ကယ်စီးလာတဲ့ ကလေးကို သူတို့ကားပေါ် ခေါ်တင်ပြီး ထွက်သွားကြတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဘာ​ကိစ္စကြောင့် လိုက်ဖမ်းတယ် မသိပေမယ့် ခုလို ကားနဲ့ တိုက်ဖမ်းတာဟာ မင်းမဲ့စရိုက်တွေ ဖြစ်နေပြီး လမ်းပေါ်မှာ မသွားရဲ၊ မလာရဲအောင် ဖြစ်နေပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့မနက် ၈ နာရီခွဲလောက်ကလည်း ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြချီတက်လာတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်တွေက လူမဆန်ဘဲ ကားနဲ့တိုက်သတ်တာ၊ သေနတ်နဲ့ ပစ်သတ်တာတို့ကြောင့် လူငယ်တချို့ ကျဆုံး ဒဏ်ရာခဲ့ကြပါတယ်။

6 mins Ago

October 31, 2021

မိုးကုတ်တွင် ဆိုင်ကယ်စီးလာသူ ၃ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်၊ ၂ ဦးဒဏ်ရာရ

မန္တ​လေးတိုင်း၊ မိုးကုတ်မြို့မှာ အောက်တိုဘာ ၃၀ ရက်နေ့ ည ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ် သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ၂ ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ညဘက် ဆိုင်ကယ်နဲ့ပြန်လာသူ ၃ ဦးကို စစ်ကောင်စီတပ်က ဆိုင်ကယ်ရပ်ခိုင်းတာ မရပ်ပေးတဲ့အတွက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ပခုံးနဲ့ ခြေထောက်တို့မှာ ဒဏ်ရာရရှိသွားကြကာ မိုးကုတ်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးရုံတက် ကုသနေရတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ညကြီး ပစ်တာ၊ ကြောက်စရာကြီး အပြင်လည်း မထွက်ရဲဘူး၊ သေနတ်ပစ်သံက တချက်ချင်း ပစ်တဲ့ ကြားနေကျအသံမျိုး မဟုတ်ဘူး။ ဆက်တိုက်ပစ်တာ ၆ ချက်လောက် ရှိတယ်။ စက်သေနတ်နဲ့ ပစ်တာထင်တယ်” လို့  ပြောပါတယ်။ 

1 month Ago
Up