ရခိုင်ပြည်နယ်မှာ ၄ လအတွင်း လိုင်စင်မရှိဘဲ စီးနင်းနေကြတဲ့ မော်တော်ဆိုင်ကယ်တွေကို ဖမ်းဆီးဒဏ်ရိုက်ရာ ငွေကျပ် သိန်း ၇,၀၀၀ ခန့် ရရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ ဥပဒေချုပ် ဦးလှသိန်းက “ရခိုင်ပြည်နယ်ကို တရားမဝင် နည်းလမ်းမျိုးစုံနဲ့ ရောက်ရှိလာပြီး အသုံးပြု စီးနင်းနေကြတဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့အထိ ၄ လအတွင်း ဆိုင်ကယ် ၅,၇၄၆ စီး ဖမ်းဆီးဒဏ်ရိုက်ခဲ့ရာကနေ သိန်း ၇,၀၀၀ ခန့် ရရှိခဲ့တာဖြစ်တယ်”လို့ ပြောပါတယ်။
ဆိုင်ကယ်တင်သွင်းတဲ့ ကုန်သည်တဦးက “စစ်အာဏာသိမ်းပြီးကတည်းက ဆိုင်ကယ်တင်သွင်းခွင့်တွေကို ရခိုင်အပါအဝင် တနိုင်ငံလုံး ပိတ်ထားခဲ့တာလေ။ အခု ရခိုင်က လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းပြီး ဒဏ်ရိုက်လို့ရတဲ့ငွေတွေ မဟုတ်ဘူး။ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို စစ်တွေ ကညန အထိ လိုင်စင်လာလုပ်ခိုင်းလို့ ရလာတဲ့ငွေတွေပါ” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ် အပါအဝင် မြန်မာတနိုင်ငံလုံးမှာ လက်ရှိအချိန်အထိ တရားဝင် ဆိုင်ကယ်တင်သွင်းခွင့် မရသေးဘူးလို့ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
“၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့မှာ ဆိုင်ကယ်နဲ့ လျှပ်စစ်ကားတွေ တင်သွင်းခွင့်ပြုတယ် ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ထားတယ်ဗျ။ ဒါပေမဲ့ အခုအချိန်အထိ ဆိုင်ကယ်တစီးမှ တင်သွင်းလို့ မရသေးဘူး။ သူတို့သတ်မှတ်ထားတဲ့ အရောင်းပြခန်းက စတုရန်းပေ ၅,၀၀၀ ရှိရမယ်လို့ သတ်မှတ်ထားတယ်။ ဒေသခံအာဏာပိုင်တွေက ထောက်ခံချက်ရရမယ်။ ဘဏ်မှာ ငွေ သိန်း ၅၀၀ သွင်းထားရမယ်။ ကုမ္ပဏီက အခွန်ကင်းရှင်းရမယ်။ တင်သွင်းမယ့်နိုင်ငံရဲ့ စက်ရုံခွင့်ပြုချက် ပါရမယ်။ အဲဒါကို သက်ဆိုင်ရာနိုင်ငံ သံရုံးက ထောက်ခံပေးရမယ်လို့ စည်းကမ်းချက်တွေ သတ်မှတ်ထားတယ်။ ဘယ်သူမှ မတင်သွင်းနိုင်သေးကြဘူး။”
ရခိုင်ပြည်နယ်ကို နည်းလမ်းမျိုးစုံနဲ့ ရောက်ရှိလာပြီး တရားမဝင်သုံးစွဲနေကြတဲ့ မော်တော်ဆိုင်ကယ်တွေကို အရေးယူ ဆောင်ရွက်ရေးအတွက် လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက ပြည်နယ်အစိုးရက အစည်းအဝေးတွေပြုလုပ်ပြီး ဒဏ်ငွေရိုက် ဒေသအတွင်း လိုင်စင်လုပ်ပေးတဲ့ လုပ်ထုံးလုပ်နည်းတွေအရ မြို့နယ်အားလုံးမှာရှိတဲ့ ထွေအုပ်၊ ရဲတပ်ဖွဲ့၊ ကညန၊ အကောက်ခွန်ဌာနတွေက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတာ ဖြစ်တယ်လို့ ဦးလှသိန်းက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ရခိုင်ပြည်နယ် အပါအဝင် မြန်မာတနိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အထိ တရားမဝင် ဆိုင်ကယ်တင်သွင်းမှုနဲ့ စီးနင်းမှု အနည်းအကျဉ်းသာ ရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက် ဆိုင်ကယ်တင်သွင်းခွင့် ပိတ်လိုက်တာကြောင့် ဆိုင်ကယ်ဈေး ရုတ်တရက်မြင့်တက်သွားကာ တရားမဝင်ဆိုင်ကယ်တွေ နည်းမျိုးစုံနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဆိုင်ကယ်တွေ လိုင်စင်ရရှိဖို့ ခက်ခဲတာကြောင့် လိုင်စင်နဲ့ရောင်းချတဲ့ ဆိုင်ကယ်အရောင်းဆိုင်တွေ အလွန်နည်းပါးလာနေပြီး တပတ်ရစ် ဆိုင်ကယ်အဟောင်း တင်သွင်း ရောင်းဝယ်ဖောက်ကားမှု ရခိုင်ပြည်နယ်အတွင်း ပိုများလာတယ်လို့ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ကိုင်သူတွေက ပြောပါတယ်။
မကွေးမြို့မှာ စစ်ကောင်စီက ဇန်နဝါရီလ ၃၀ ရက်နဲ့ ၃၁ ရက်တွေမှာ ဒေသခံတွေရဲ့ ဆိုင်ကယ်တွေကို စီမံချက်ချ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ဇန်နဝါရီ ၃၀ ရက် မနက် ၉ နာရီကနေ ည ၇ နာရီလောက်အထိ လမ်းဆုံ လမ်းခွတွေမှာ ဆိုင်ကယ် ဖမ်းဆီးရေးစီမံချက်ဆိုပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းမိတဲ့ဆိုင်ကယ်တွေကို မကွေးမြို့တော်ခန်းမထဲကို ပို့ဆောင်ကာ ဖေဖော်ဝါရီ ၁ ရက် လာရွေးခိုင်ထားတယ်လို့ မကွေးမြို့ ဒေသခံတယောက်က ပြောပါတယ်။
မကွေးမြို့က လမ်းဆုံလမ်းခွ၊ နေရာစုံမှာ စစ်ကောင်စီတပ်သားတွေ၊ ယာဥ်ထိန်းရဲတွေ၊ နယ်မြေရဲတွေက တနေကုန် စစ်ဆေးဖမ်းဆီးတာ ဆိုင်ကယ် အစီးရေ ၄၀၀ လောက် ရရှိသွားပြီး မြို့တော်ခန်းမထဲကို ထည့်ထားတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၃၀ နဲ့ ၃၁ ရက်တွေမှာ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၁ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း လာရွေးရမယ်လို့ ဒေသခံကပြောပါတယ်။
"အရင်တုန်းကဆိုရင် သူတို့ဖမ်းရင် မော်တော်ပီကယ် ရုံးထဲထည့်ပြီးတော့မှ ချလန်တွေ ဘာတွေ ဖြတ်ပြီး တရားရုံးမှာ ဒဏ်ငွေသွားဆောင်ရတာ။ အခုက မြို့တော်ခန်းမထဲကို မောင်းထည့်ပြီး မနက် ၉ နာရီ ပညာပေးဟောပြောပွဲကို နားထောင်ပြီးမှ ဆိုင်ကယ်တွေကို ပြန်ပေးမယ်တဲ့"
စီမံချက်အရ ဒီတခေါက်ဖမ်းတာကတော့ ဦးထုပ်မပါ၊ ဘက်မှန်မပါ ၊ခြေနင်းတုံးမပါ၊ ယာဉ်မောင်းလိုင်စင်မပါ၊ ယာဉ်လိုင်စင်မပါတာတွေကို စစ်ဆေးဖမ်းဆီထားတာဖြစ်ပြီး ဆိုင်ကယ်ပိုင်ရှင်တွေကတော့ အဆုံးမခံနိုင်လို့ အဲဒီနေ့ကျရင် မြို့တော်ခန်းမကို သွားကြရမှာပေါ့ လို့ ပြောပါတယ်။