စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာမှာ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်ဝပ်ရှော့ဆရာ တယောက် သေနတ်ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မျက်မြင်တဦးက “အခု သေနတ်နဲ့ပစ်ခံရသူက ဆိုင်ကယ်ဝပ်ရှော့ဆရာ။ ဒလန်ဆိုပြီး သေနတ် ၃ ချက်နဲ့ သူ့ဆိုင်ထဲ ဝင်ပစ်သွားတယ်။ အဲဒီနေရာမှာ ပွဲချင်းပြီး သေဆုံးသွားတယ်” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရသူမှာ နောင်ပိုအောင် မျိုးကြီး ဆိုင်ကယ်ဝပ်ရှော့က ကိုမျိုးကြီး ဖြစ်တယ်လို့ သိရပါတယ်။
သေနတ်ပစ်ခတ်သွားတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာက ဆိုင်ကယ်ဝပ်ရှော့ဆရာတစ်ဦးကို စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းလောက်က ဆိုင်ကယ်ပြင်နေစဉ် စစ်တပ်က ဝင်ဆွဲခေါ် စစ်ဆေးမေးမြန်းပြီး နေရာမှာတင် ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“တာဝါတိုင်ဖောက်ခွဲခံရတာနဲ့ပတ်သက်ပြီး စစ်တပ်က တနယ်လုံးကို ကင်းလှည့်နေတာ။ တပင်ကောင်းကျေးရွာအနီးက တာဝါတိုင်သွားကြည့်ပြီး အပြန်မှ သူ့ကို ဆိုင်ထဲက ဆွဲထုတ် စစ်မေးပြီး လမ်းဘေးတင် ပစ်သတ်လိုက်ကြတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
သေဆုံးသူဟာ ကံသစ်ကျေးရွာသား အသက် ၂၆ နှစ်အရွယ် ကိုထွန်းမြင့်နိုင် လို့သိရပြီး ရွာလမ်းဘေးမှာ ဆိုင်ကယ်ဝပ်ရှော့ လုပ်ငန်းလုပ်ကိုင်စားနေတာ ဖြစ်ပါတယ်။
ပစ်သတ်ပြီးနောက် စစ်တပ်က အလောင်းကို ကားပေါ်တင်ယူသွားကြကာ ၁ နာရီလောက်အကြာမှ ခင်ဦးဆေးရုံမှာ အလောင်းလာထုတ်ဖို့ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
ကိုထွန်းမြင့်နိုင်မှာ ဇနီးနဲ့လသားအရွယ် ကလေးတစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
ခင်ဦးမြို့နယ်အတွင်းမှာ ဒီနေ့တရက်တည်း စစ်ကောင်စီက အကြောင်းမဲ့ သတ်ဖြတ်သွားတာ ကင်းတပ် လက်ဝဲတူးမြောင်းဘောင်ပေါ်က ခရီးသွား သားအဖနှစ်ဦး အပါအဝင် ၃ ဦး ရှိသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။