close

ဆိုင်ကလုန်းမုန်တိုင်း မိုခါ

close

May 12, 2023

အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ စစ်တွေမြို့ အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)ဟာ ဘင်္ဂလားဒေ့ရှ်- မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေရှိနေလို့ လိမ္မော်ရောင်အဆင့်သတ်မှတ်ထားပြီး စစ်တွေမြို့ အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလဌာနက  ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ 

အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ နောက် ၆ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ အားအလွန်ကောင်းတဲ့ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ကာ၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ မေ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့ အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိအချိန်မှာတော့ မုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၂၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ အနောက်တောင်ဘက် ရေမိုင်(၄၁၅)မိုင်ခန့်၊ စစ်တွေမြို့ တောင်- အနောက်တောင်ဘက် ရေမိုင်(၅၂၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားရဲ့ အနောက်- အနောက်မြောက်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါတယ်။ 

မုန်တိုင်းအရှိန်ကြောင့် ဒီနေ့မနက်မှ မေ ၁၅ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊‌ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်း ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရုတ်တရက် ရေကြီးမြေပြို ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုနေထိုင်ကြဖို့  မိုးဇလက အကြံပြုပါတယ်။

ဒါ့အပြင် ပြည်တွင်း လေကြောင်းပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေနေနဲ့ ကြိုတင်သတိပြုရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။

10 mins Ago
Up