အမေရိကန်အစိုးရဟာ လုံခြုံရေးအရာရှိ ၃ ယောက်နဲ့ ဆိုင်ဘာဖောက်ထွင်းမှုကို ကန်ထရိုက်စာချုပ်ဖြင့် ဆောင်ရွက်သူတယောက် အပါအဝင် တရုတ်နိုင်ငံသား ၄ ယောက်ကို ဇူလိုင် ၁၉ ရက်က တရားစွဲလိုက်ပါတယ်။
အမေရိကန်နဲ့ နိုင်ငံရပ်ခြားက ဒါဇင်ချီတဲ့ ကုမ္ပဏီတွေ၊ တက္ကသိုလ်တွေနဲ့ အစိုးရ အေဂျင်စီတွေကို ပစ်မှတ်ထားမှုနဲ့ တရားစွဲခဲ့တာပါ။ တချိန်တည်းမှာပဲ အမေရိကန်နဲ့ မဟာမိတ်တွေဟာ တရုတ်နိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ ဆိုင်ဘာသူလျှိုမှုနဲ့ စွပ်စွဲခဲ့ပါတယ်။
ဒါဟာ ဆိုင်ဘာဖောက်ထွင်းမှုနဲ့ပတ်သက်ပြီး တရုတ်အစိုးရကို မကြုံစဖူး နိုင်ငံအများကြီး စုပေါင်းပြီး လူသိရှင်ကြား စွပ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။
ဆိုင်ဘာ သူလျှိုမှုကို ပြစ်တင်ရှုတ်ချရာမှာ အမေရိကန်ဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုး၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်နဲ့ ကနေဒါ နိုင်ငံတို့နဲ့အတူ ပူးပေါင်းခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်ကလည်း “ဆိုင်ဘာသူလျှိုမှုဟာ ကျနော်တို့ရဲ့ စီးပွားရေးနဲ့ နိုင်ငံလုံခြုံရေးကို အကြီးစား ခြိမ်းခြောက်မှု” လို့ ပြောပါတယ်။
ဝါရှင်တန်ဒီစီက တရုတ်သံရုံးကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုတာကို ချက်ချင်း မတုံ့ပြန်သေးပါဘူး။
တရုတ်အစိုးရဟာလည်း ဆိုင်ဘာဖောက်ထွင်းမှု ဓားစာခံသာ ဖြစ်ပြီး ဆိုင်ဘာ တိုက်ခိုက်မှု ပုံစံအားလုံးကို ဆန့်ကျင်တယ်လို့ တရုတ်အရာရှိတွေက အရင်က ပြောခဲ့ဖူးပါတယ်။