ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင်ဟောင်း မီခေးလ် ဂေါ်ဘာချော့ဗ် အသက် ၉၁ နှစ်ဟာ ဩဂုတ် ၃၀ ရက် ညနေပိုင်းမှာ ကွယ်လွန်သွားတယ်လို့ TASS ရုရှား သတင်းအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။
ဂေါ်ဘာချော့ဗ်ဟာ ကာလရှည်ကြာ နာတာရှည်ဖျားနာပြီးနောက် ကွယ်လွန်သွားခဲ့တာလို့ ဗဟိုဆေးရုံရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းမှာဖော်ပြပေမယ့် သူကွယ်လွန်သွားတာနဲ့ ပတ်သက်တဲ့ တခြားအသေးစိတ်ကိုတော့ ရေးသားဖော်ပြတာမရှိပါဘူး။
ဂေါ်ဘာချော့ဗ်ဟာ စစ်အေးခေတ်ကို သွေးထွက်သံယိုမဖြစ်စေပဲ အဆုံးသတ်ခဲ့တဲ့ ကမ္ဘာ့ ခေါင်းဆောင် တယောက်အဖြစ် လူသိများခဲ့ပေမဲ့ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားတာကို သူ့အနေနဲ့ တားဆီးကာကွယ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
ဂေါ်ဘာ့ချော့ဗ်ရဲ့ နိုင်ငံရေး ဖြတ်သန်းမှုကို ပြန်ကြည့်ရင် သူဟာ အသက် ၅၄ နှစ်အရွယ် ၁၉၈၅ ခုနှစ်မှာ ဆိုဗီယက် ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးဖြစ်လာပြီး နိုင်ငံတွင်း နိုင်ငံရေး စီးပွားရေး ဖြေလျော့မှုတွေ၊ ပြုပြင်ပြောင်းလဲရေးမှုတွေကို စတင်ခဲ့ပါတယ်။
ဂေါ်ဘာချော့ဗ်ဟာ အသက် ၅၄ နှစ်အရွယ် ၁၉၈၅ ခုနှစ်မှာ သမ္မတအဖြစ် စတင်အာဏာရလာပြီး ၇ နှစ်လောက်ကာလအတွင်း အဘက်ဘက်က ယိုယွင်းနေတဲ့ နိုင်ငံကို အသစ်တဖန် ပြန်စနိုင်အောင် ပီရက်စတွိုင်ကာလို့ ရုရှားဘာသာနဲ့ခေါ်တဲ့ ပြန်လည်တည်ဆောက်ရေး အစီအစဉ်တွေနဲ့ ဂလပ်စ်နော့စ်ခေါ် ပွင့်လင်းမှုနဲ့ လွတ်လပ်စွာပြောဆိုမှုလို့ လူသိများတဲ့ ပြုပြင်ပြောင်းလဲရေးတွေကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ ပေါ်လစီဟာ ပါတီတွင်းနဲ့ နိုင်ငံရေး စနစ်တွေကို လွတ်လွတ်လပ်လပ် ဝေဖန်ခွင့်ကို ခွင့်ပြုပေးခဲ့ပါတယ်။
ဂေါ်ဘာချော့ဗ်ဟာ ဆိုဗီယက် ပြည်ထောင်စုကြီး မပြိုကွဲခင် နောက်ဆုံး သမ္မတ ဖြစ်ခဲ့ပြီး၊ အဲဒီအချိန်က အမေရိကန်ပြည်ထောင်စုနဲ့ ဆိုဗီယက်တို့ကြားက တင်းမာမှုတွေကို လျော့ချ၊ ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက နှစ်ခြမ်းကွဲနေတဲ့ ဥရောပကို ပြန်လည်ပေါင်းစည်သွားနိုင်အောင် လမ်းဖွင့်ပေးခဲ့သူ၊ ဥရောပရဲ့ သံလိပ်ကာကြီးကို ဖယ်ရှားပေးခဲ့သူအဖြစ် သတ်မှတ်ကြပါတယ်။
၁၉၈၀ ပြည့်နှစ်မှာတော့ အရှေ့ဥရောပတခွင့်လုံး ဒီမိုကရေစီတောင်းဆိုတဲ့ လူထုလှိုင်းတွေ မြင့်တက်နေပေမယ့် ဂေါ်ဘာ့ချော့ဗ်ဟာ အင်အားသုံး၊ အကြမ်းဖက်ဖြိုခွင်းတဲ့ နည်းလမ်းကို ရှောင်ခဲ့ပါတယ်။
ဒါဟာ သူ့ရှေ့က ရုရှား ခေါင်းဆောင်တွေ ၁၉၆၅ ဟန်ဂေရီ လူထုအုံကြွမှု၊ ၁၉၆၈ ချက်ကိုဆလိုဗက်ကီးယာ လူထုအုံကြွမှုတွေကို တင့်ကားတွေ လွှတ်ပြီး ဖြိုခွင်းခဲ့တဲ့ နည်းလမ်းနဲ့ မတူတဲ့ ချဉ်းကပ်မှုမျိုး ဖြစ်ခဲ့ပါတယ်။
ဂေါ်ဘာ့ချော့ဗ်ရဲ့ဒီလို ပျော့ပျောင်းတဲ့ ချဉ်းကပ်မှုကြောင့်ပဲ ဆန္ဒပြပွဲတွေဟာ အရှိန်မြင့်ပြီး ဆိုဗီယက် ပြိုကွဲတဲ့အထိ ဦးတည်သွားတယ်ဆိုတဲ့ အမြင်တချို့လည်းရှိပါတယ်။
၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်မှာ အာဏာသိမ်းခံရပြီး ဆိုဗီယက်ပြည်ထောင်စု သမ္မတအဖြစ်ကနေ မီခေးလ် ဂေါ်ဘာချော့ဗ် နုတ်ထွက်ခဲ့ရပြီး သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အမြန်လုပ်ဆောင်ခဲ့တာကြောင့် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ရတာလို့ ရှုမြင်ဝေဖန်ကြသူတွေလည်း ရှိပါတယ်။
ဆိုဗီယက်ပြည်ထောင်စု အစိတ်စိတ်ပြိုကွဲသွားပြီးနောက် ပြည်ထောင်စုအတွင်းကနေ ရုရှားနဲ့ ယူကရိန်းအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံလောက် သီးခြားကွဲထွက်ပြီး နိုင်ငံသစ်တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ရုရှားမှာတော့ ဂေါ်ဘာ့ချော့ဗ်ခေတ်ကို မတည်ငြိမ်တဲ့ခေတ်၊ ဒီမိုကရေစီရဖို့ နေထိုင်မှုစရိတ်ကအစ အဖိုးအခ မြင့်မြင့်မားမား ပေးလိုက်တဲ့ ခေတ်အဖြစ် မြင်ကြတာလည်း ရှိပါတယ်။
ဂေါ်ဘာချော့ဗ်ဟာ အမေရိကန်နဲ့ဖြစ်ပွားနေတဲ့ စစ်အေးခေတ်ကို ဆုံးသတ်သွားအောင်ဆောင်ရွက်နိုင်ခဲ့တာကြောင့် ၁၉၉၀ ခုနှစ်မှာ ငြိမ်းရေးနိုဘယ်လ်ဆု ပေးအပ်ချီးမြှင့်ခံခဲ့ရပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ ဂေါ်ဘာချော့ဗ်ရဲ့ ရုပ်ကလာပ်ကို မော်စကိုမြို့ နိုဗိုဒီဗီချီသုသာန်ရှိ သူ့ဇနီးဖြစ်သူရဲ့ အုပ်ဂူဘေးမှာ မြှုပ်နှံသင်္ဂြိုဟ်ဖို့ အစီအစဉ် ရှိတယ်လို့ ရုရှားသတင်းတွေမှာဖော်ပြပါတယ်။