close

ဆိုးလ်

close

July 4, 2021

ဆိုးလ်မြို့တွင် အလုပ်သမား ထောင်ချီ ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ဦးရေ မြင့်တက်နေပေမဲ့ ဆိုးလ်မြို့တော်မှာ ထောင်နဲ့ချီတဲ့အလုပ်သမားတွေ  အလုပ်သမားသမဂ္ဂ ချီတက်ပွဲအတွက် ဇူလိုင် ၃ ရက်က စုရုံးခဲ့ ကြပါတယ်။

ကူးစက်နိုင်စွမ်းမြင့်တဲ့ ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲ ကူးစက်နေတဲ့ ကြားမှာ ဆန္ဒပြပွဲကို အရာရှိတွေက ခွင့်မပြုပေမဲ့ အလုပ်သမားတွေက တွန်းအားပေး ဆန္ဒပြခဲ့တာပါ။

 ချီတက်ပွဲကို ဖျက်သိမ်းဖို့ ကိုရီးယားသမဂ္ဂ ခေါင်းဆောင်များ အသင်းချုပ်ကို ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ လုပ်ခလစာ တိုးမြှင့်ရေးနဲ့ မတော်တဆဖြစ်ရပ်များ ဟန့်တားရေး ဆောင်ရွက်ချက်တွေ သတ်မှတ်ဖို့ အလုပ်သမားတွေက ဆော်သြခဲ့ပါတယ်။

မနှစ်ကတော့ တောင်ကိုရီးယားမှာ နိုင်ငံရေး ချီတက်ပွဲကနေ ကူးစက်မှု ဒုတိယလှိုင်း စခဲ့လို့ အလားတူ ထပ်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

တောင်ကိုရီးယားမှာ ဇူလိုင် ၂ ရက် တရက်တည်း ကိုဗစ်-၁၉  အသစ်ကူးစက်ခံ ၇၉၄ ယောက် ရှိတယ်လို့ ကိုရီးယားရောဂါထိန်းချုပ်ကာကွယ်ရေးဌာနက ပြောပါတယ်။

9 mins Ago

February 28, 2020

ကိုရိုနားဗိုင်းရပ်စ်ကာကွယ်ရန် ဆိုးလ်နှင့်ပြုံယမ်းရှိ အများသုံးယာဉ်များကို ပိုးသတ်ဆေးဖျန်း

တောင်ကိုရီးယားနိုင်ငံတလွှား ကိုရိုနာဗိုင်းရပ်သစ် ကူးစက်မှု တိုးနေချိန်မှာ တောင်ကိုရီးယား မြို့တော် ဆိုးလ်က ဘတ်စ်ကားတွေနဲ့ မြောက်ကိုရီးယား မြို့တော်ပြုံယမ်းက ဓာတ်ရထားတွေ ဘူတာရုံတွေကို ဖေဖော်ဝါရီ ၂၆ ရက်က ပိုးသတ်ဆေးဖျန်းခဲ့ပါတယ်။  ဆိုးလ်မြို့တော် ပံ့ပိုးမှုအင်္ဂါရပ် ကော်ပိုရေးရှင်းက ကားကွင်းထဲမှာ ရပ်ထားတဲ့ ဘတ်စ်ကား စီးရေ ၄၆၅ စီးကို ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက ပိုးသတ်ခဲ့တယ်လို့ ပြောပါတယ်။  ဖေဖော်ဝါရီ ၂၀ ရက်က စပြီး ဆိုးလ်မြို့တော်တွင်း အများပြည်သူသုံး ဘတ်စ်ကားတွေရဲ့ အတွင်းပိုင်းကို နေ့စဉ် ပိုးသတ်နေခဲ့ပြီး ဘတ်စ်ကားတွေရဲ့ အပြင်ပိုင်းကိုတော့ တပတ်တခါ ပိုးသတ်ခဲ့တာပါ။ အမေရိကန်စစ်သည် တယောက်အပါအဝင် ကူးစက်ခံ အသစ် ၁၆၉ ယောက် ရှိခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့ အစောပိုင်းက သိရပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားမှာ ကူးစက်မှု အပြင်းထန်ဆုံး ခံခဲ့ရတဲ့ ခရစ်ယာန် ဘုရားကျောင်းက အသင်းသားအယောက် ၂ သိန်းကျော်ကိုလည်း ဆေးစစ်ဖို့ ကျန်းမာရေး အာဏာ ပိုင်တွေက အသင့်ဖြစ်နေပြီလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။  မြောက်ကိုရီးယားကတော့ သူ့နိုင်ငံထဲမှာ ကူးစက်ခံမရှိဘူးလို့ အခိုင်အမာ ပြောထားပေမဲ့ ဓာတ်ရထားတွေရဲ့အတွင်းရော အပြင်ပါ ပိုးသတ်ဆေး ဖျန်းနေတဲ့ ဝန်ထမ်းတွေရဲ့ ရုပ်သံကို မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က ထုတ်လွှင့်ပြသပါတယ်။  အများသုံး နေရာတွေနဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေကို စေ့စေ့စပ်စပ် ပိုးသတ်ထားလို့ မြောက်ကိုရီးယားကို ကိုရိုနာဗိုင်းရပ်စ် ရောက်မလာခဲ့ဘူးလို့ သန့်ရှင်းရေးနဲ့ ကူးစက်မှု တိုက်ဖျက်ရေးဌာနက ဆရာဝန်တယောက်က ပြောပါတယ်။  ဒီလအစောပိုင်းကလည်း မြောက်ကိုရီးယားဟာ သူ့နိုင်ငံထဲ ဝင်လာတဲ့ ဖျားနေတဲ့ နိုင်ငံခြားသားတွေကို တိုင်းပြည်ထဲ အဝင်မခံသလို ဖျားနေတဲ့ နိုင်ငံသားတွေကို ရောဂါခြေချုပ်နဲ့ တင်းတင်းကြပ်ကြပ် သီးခြား ခွဲထားတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယား အထူးသံတမန် ဟန်တေးဆောင်းက ပြောခဲ့ပါတယ်။  ဖေဖော်ဝါရီ ၂၈ မနက်ပိုင်းအထိ အတည်ပြုထားတဲ့ အချက်အလက်တွေအရ ကိုရိုနာ ဗိုင်းရပ်စ်ဟာ နိုင်ငံနဲ့ နယ်မြေ စုစုပေါင်း ၅၀ က လူဦးရေ ၈၃၃၇၉ ယောက်ကို ကူးစက်ခဲ့ပြီး ကူးစက်ခံ ၂၈၅၈ ယောက် သေဆုံးခဲ့ပါတယ်။  ကူးစက်ခံ  ၃၆၅၃၃ ယောက် နေပြန်ကောင်းလာခဲ့ပေမယ့် ဂျပန်အမျိုးသမီး တယောက်ကတော့ နေပြန်ကောင်းပြီးမှ ဗိုင်းရပ်စ်က ဒုတိယအကြိမ် ထပ်ကူးစက်ခဲ့လို့ ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ အမူအကျင့်နဲ့ ကူးစက်ပုံအပေါ် စိုးရိမ်မှုတွေ ပိုမြင့်တက်လာခဲ့ပါတယ်။  
1 year Ago
Up