close

ဆီးဂိမ်းစ်

close

May 8, 2023

ဆီးဂိမ်းစ် ဆီမီးဖိုင်နယ်တက်ရန် အုပ်စုနောက်ဆုံးပွဲကို ဗိုလ်လုပွဲကဲ့သို့ ယှဉ်ပြိုင်မည်ဟု မြန်မာနည်းပြပြော

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ရောက်ဖို့အတွက် ဖိလစ်ပိုင်နဲ့ ကန်ရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်ကို ဗိုလ်လုပွဲစဉ်လို ယှဉ်ပြိုင်သွားမယ်လို့ မြန်မာ-ယူ ၂၂ အသင်းနည်းပြ ဖက်ချ်တန်ဘိုင်နာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မနေ့ညနေက ကစားခဲ့တဲ့ အိမ်ရှင် ကမ္ဘောဒီးယားယူ၂၂ အသင်းနဲ့ ပွဲစဉ်မှာ မြန်မာအသင်းက နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး  ၂ ပွဲနိုင် ၁ ပွဲရှုံး ရမှတ်၆ မှတ်နဲ့ အင်ဒိုနီးရှားအသင်းရဲ့အောက် ဒုတိယနေရာမှာရပ် တည်ခဲ့ပါတယ်။

အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်းက အုပ်စုအောက်ဆုံးက ဖိလစ်ပိုင်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အိမ်ရှင်ကမ္ဘောဒီးယားက အုပ်စုပထမသေချာပြီးသား အင်ဒိုနီးရှားနဲ့ ယှဉ်ပြိုင်သွားရမှာပါ။

မြန်မာနည်းပြ ဖက်ချ်တန်ဘိုင်နာ က “ဆီမီးဖိုင်နယ်တက်ရောက်နိုင်ဖို့အတွက် ဖိလစ်ပိုင်နဲ့ပွဲကို ဗိုလ်လုပွဲတစ်ပွဲလိုက စားသွားရမှာပါ။ ဖိလစ်ပိုင် အသင်းကလည်း အမှတ်အလကားပေးမှာတော့မဟုတ်ပါဘူး။ သူတို့ကဖိအားမရှိဘဲ ကျနော်တို့နဲ့ကစားရမှာဖြစ်ပေမဲ့ ကျနော်တို့ကတော့ နိုင်မှဖြစ်မယ်ဆိုတဲ့ဖိအားရှိနေပါတယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ တစ်ပွဲချင်းစီ သေချာစွာနဲ့ ချဉ်းကပ်ပြင်ဆင်ဖို့အရေးကြီးပါတယ်။ ဖိလစ်ပိုင်ကို အနိုင်ရမှသာ အိမ်ရှင်နဲ့ အင်ဒိုနီးရှားပွဲကို စိတ်ချလက်ချထိုင်ကြည့်နေလို့ရမှာပါ။ အနိုင်မရခဲ့ရင် တော့ အိမ်ရှင်အသင်းရဲ့ပွဲကို စောင့်ကြည့်နေရပါဦးမယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘောဒီးယားနဲ့ပွဲမှာ အနိုင်ရလဒ် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေ အားလုံးရဲ့ စွမ်းဆောင်မှုကို ကျေနပ်ကြောင်း ပထမပိုင်းမှာ ကစားပုံ အရမ်းကောင်းခဲ့ပြီး ဂိုးလည်းရခဲ့သလို ဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ခဲ့ကြောင်း ဒုတိယပိုင်းမှာတော့ အိမ်ရှင်အသင်းရဲ့ တိုက်စစ်ကို စနစ်တကျ ထိန်းပြီး ကစားနိုင်ခဲ့ကြောင်း နည်းပြက ပြောပါတယ်။

မြန်မာအသင်းတွက် တစ်ဂိုးသွင်းပေးခဲ့တဲ့ ဟိန်းထက်အောင်က” ဒီနေ့ပွဲ အနိုင်ရရှိလို့ အသင်းဖော်တွေ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုပါတယ်။ ကျနော်တို့အားလုံး နည်းပြကြီး မှာကြားထားသလို ကစားနိုင်ခဲ့တယ်။ ပထမပိုင်း ကစားပုံ သိပ်ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်း ကျနော်တို့ အိမ်ရှင်အသင်း ချေပဂိုးရဖို့ ကြိုးစားတာကို စနစ်တကျ ဟန့်တားနိုင်ခဲ့တယ်။ ဒီပွဲ အနိုင်အတွက် ပျော်ပါတယ်။ အုပ်စုတက်ဖို့ ဖိလစ်ပိုင်နဲ့ပွဲစဉ်ကို ကြိုးစားပြီး ယှဉ်ပြိုင်သွားပါမယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာ အသင်းအနေနဲ့ ဆီမီးဖိုင်နယ်တက်ဖို့အတွက် မေလ ၁၀ ရက်နေ့ ညနေမှာ ကန်ရဲ့မယ့် ဖိလစ်ပိုင်နဲ့ပွဲမှာ အနိုင်ရဖို့ လိုအပ်ပြီး အနိုင်မရခဲ့ရင်တော့ အင်ဒိုနီးရှားအသင်းက ကမ္ဘောဒီးယားကို အနိုင်ရဖို့လိုအပ်မှာဖြစ်ပါတယ်။

Photo-MFF

2 hours Ago

May 1, 2023

ဆီးဂိမ်းစ် ပြိုင်ပွဲဝင် မြန်မာ ယူ -၂၂ လူငယ် ဘောလုံးအသင်း၏ အလားအလာ

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲရဲ့အမျိုးသားပွဲစဉ်တွေကို ဧပြီ ၂၉ ရက်ကတည်းကစတင်ကျင်းပခဲ့ပြီး အိမ်ရှင် ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားအသင်းတို့က ဂိုးပြတ်နိုင်ပွဲတွေနဲ့ အဖွင့်လှခဲ့တယ်။

အင်ဒိုနီးရှားက ဖိလစ်ပိုင်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့အနိုင်ယူခဲ့ပြီး အိမ်ရှင်ကမ္ဘောဒီးယားကလည်း ကွင်းလုံးပြည့် ပရိသတ်တွေရှေ့မှာ အရှေ့တီမောအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့အနိုင်ယူခဲ့တယ်။ ဧပြီ ၃၀ ရက် မနေ့က ကန်သွားတဲ့ အုပ်စုB အသင်းတွေရဲ့ ပွဲစဉ်မှာတော့ ထိုင်းအသင်းက စင်ကာပူကို (၃- ၁) ဂိုးနဲဲ့အနိုင်ရပြီး ဗီယက်နမ်က လာအိုကို (၂-၀) ဂိုးနဲ့အနိုင်ရသွားပါတယ်။

မြန်မာယူ၂၂ အသင်းက ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမောအသင်းတွေနဲ့ အုပ်စု A မှာ တွေ့ဆုံနေတာဖြစ် တယ်။

၅ သင်းအုပ်စုဖြစ်လို့ ပြိုင်ဘက်တွေအချင်းချင်းယှဉ်ပြိုင်နေချိန်မှာ မြန်မာအသင်းက အနားရခဲ့ တာဖြစ်တယ်။အဖွင့်ပွဲမှာပြသခဲ့တဲ့ စွမ်းဆောင်ရည်အရ အိမ်ရှင်ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားအသင်း တို့ဟာ မြန်မာအသင်းကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့အသင်းတွေဖြစ်ပြီး မြန်မာအသင်းအနေနဲ့ အုပ်စုအဆင့်ကနေကျော်လွန်ဖို့ အခက်အခဲရှိလာနိုင်တယ်။

အိမ်ရှင်ကမ္ဘောဒီးယား

ကမ္ဘောဒီးယားအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ခြေစွမ်းတိုးတက်မူအရှိဆုံး အာဆီယံအသင်း လို့ဆိုနိုင်တယ်။ အေစီမီလန်မှာကစားခဲ့တဲ့ ဂျပန်လက်ရွေး စင်ဟောင်းနည်းပြ ဟွန်ဒါရဲ့ဦးဆောင်မူနဲ့အတူ ကမ္ဘောဒီးယားဘောလုံးလောကတစ်ခုလုံးဟန်ချက် ညီညီ တိုးတက်လာတာဖြစ်တယ်။ အခုနှစ်ပြိုင်ပွဲက အိမ်ရှင်အဖြစ်လက်ခံကျင်းပတာဖြစ်လို့ ကမ္ဘောဒီးယားတို့ သေချာ လေ့ကျင့်ပြင်ဆင်ခဲ့ပြီး အဖွင့်ပွဲစဉ်က စွမ်းဆောင်ရည်ဟာ အထင်ကြီးစရာကောင်းခဲ့တယ်။ အသင်းလူ စာရင်းမှာ လက်ရွေးစင်အသင်းကြီးက ကစားသမား ၁၁ဦးအထိပါဝင်နေတယ်။ အထူးသဖြင့် အသင်းကြီးမှာ တောင်တွဲဖက်ကစားနေတဲ့ ကျောနံပါတ် ၉ ဆီယန်ချန်သီယာနဲ့ ကျောနံပါတ်၇ လမ်ပီဆော့သ် တို့က ပြိုင်ဘက်အသင်းတွေ သတိထားရမဲ့တိုက်စစ်အတွဲဖြစ်တယ်။

ဆီးဂိမ်းမတိုင်ခင်ကစားခဲ့တဲ့ Merlion ဖလားမှာလည်း အိမ်ရှင်စင်ကာပူကို ၂ဂိုး ၁ဂိုးနဲ့အနိုင်ရပြီး မလေးရှားကို အပြန်အလှန် ကစားခဲ့ကာ ၄ဂိုး ၂ဂိုးနဲ့ရှုံးနိမ့်ခဲ့တယ်။ အိမ်ရှင်ပရိသတ်တွေရဲ့ ကွင်းလုံးပြည့်အားပေးမှုဟာလည်း အားတစ်ခု ဖြစ်စေတာကြောင့် ကမ္ဘောဒီးယားအသင်းက မြန်မာအသင်းကိုဒုက္ခပေးနိုင်တဲ့အသင်းဖြစ်လာဖို့ရှိတယ်။

အင်ပြည့်အားပြည့် အင်ဒိုနီးရှား

ဒီနှစ်ဆီးဂိမ်းမှာ အင်ဒိုနီးရှားယူ၂၂အသင်းရဲ့ကစားသမားအင်အားကလည်း ခါတိုင်းနှစ်တွေလိုပဲ အတောင့်တင်းဆုံးလူစာရင်းနဲ့ ကမ္ဘောဒီးယားဆီလာခဲ့တာဖြစ်တယ်။ လက်ရွေးစင်အသင်းကြီးရဲ့ နည်းစနစ်ဒါရိုက်တာ အင်ဒရာရှာဖရီက တာဝန်ယူနေပြီး လက်ရွေးစင်အသင်းကြီးက ဂိုးသမားနှစ် ယောက်အပါအဝင် ၈ဦးအထိရွေးချယ်လာခဲ့တာဖြစ်တယ်။ အထူးသဖြင့် လက်ရွေးစင်အသင်းရဲ့ အမာခံကွင်းလယ်တိုက်စစ်ကစားသမားဖြစ်သူ ကျောနံပါတ် ၈ ဝတ်တန်ဆူလေမန်၊ ကျောနံပါတ်၇ ဖာဒီနန်နဲ့ ခံစစ်လေးယောက်တန်းက အသင်းကြီးမှာကတည်းက အတူတွဲဖက်ကစားလာသူတွေ ဖြစ်လို့ အတွေ့အကြုံပိုင်းကောင်းမွန်ပြီး အင်အားတောင့်တင်းတဲ့လူစာရင်းပိုင်ဆိုင်ထားတယ်။ ၂၀၁၁ ဆီးဂိမ်းနောက်ပိုင်း ၆ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်တက်ခဲ့ဖူးတဲ့အသင်းဖြစ်ပြီး အုပ်စု A ရဲ့ အကောင်း ဆုံးအသင်းလို့ဆိုနိုင်ပါတယ်။

ဖိလစ်ပိုင်နဲ့ တီမော

ဖိလစ်ပိုင်နဲ့ အရှေ့တီမောအသင်းတွေကတော့ ဆီးဂိမ်းပြိုင်ပွဲတွေမှာအိမ်ဖြည့်အသင်းထက်မပိုတဲ့ အသင်းတွေဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာတော့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား တို့လို ထိပ်တန်းအသင်းတွေကို ယှဉ်မရပေမဲ့ မြန်မာ၊ စင်ကာပူ တို့လို အလယ်အလတ်အသင်းတွေကို တော့ ခံကစားလာနိုင်တဲ့ အခြေအနေဖြစ်လာတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ကကျင်းပခဲ့တဲ့ ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းမှာ မြန်မာ အသင်းက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမောအသင်းတွေနဲ့ပဲ တစ်အုပ်စုတည်းတွေ့ဆုံခဲ့ဖူးတယ်။ ဖိလစ်ပိုင်နဲ့ တီမောအသင်းတွေကို ၃ ဂိုး ၂ဂိုး ရလဒ်တွေနဲ့ နိုင်ပွဲရခဲ့ပေမဲ့ အကြိတ်အနယ်ကစားခဲ့ရတာဖြစ်တယ်။  ဒီနှစ်မှာလည်း ဖိလစ်ပိုင်နဲ့ တီမောအသင်းတို့က အိမ်ဖြည့်အသင်းတွေဆိုပေမဲ့ မြန်မာအသင်းကို အခက်တွေ့အောင်ကစားနိုင်မဲ့အသင်းတွေဖြစ်လာနိုင်တယ်။

အုပ်စုတက်ဖို့ ရုန်းကန်ရမယ့် မြန်မာ

မြန်မာယူ ၂၂ အသင်းကို လက်ရွေးစင်အသင်းရဲ့ဂျာမန်နည်းပြ မိုက်ကယ်ဖက်ချ်တန်ဘိုင်နာကပဲ ပြီးခဲ့တဲ့ မတ်လအကုန်လောက်က စတင်တာဝန်ယူခဲ့တယ်။ဧပြီလ ၁၀ ရက်ကနေ ၂၁ ရက်အထိ ထိုင်းနိုင်ငံမှာ လေ့ကျင့်ရင်း ကလပ်အသင်းတွေနဲ့ ခြေစမ်းပွဲ လေးပွဲကစားခဲ့တယ်။ တစ်ပွဲသာအနိုင်ရပြီး သုံးပွဲရူံးခဲ့ လို့ အားရစရာအခြေအနေတော့ မဟုတ်ခဲ့တာတွေ့ရတယ်။

တကယ်တော့ အသင်းလူစာရင်းက ခါတိုင်းနှစ် တွေကထက် အားနည်းနေပြီး ယူ ၁၉ အသင်းကို အခြေခံပြီး ဖွဲ့စည်းခဲ့တာမျိုးဖြစ်တယ်။ လက်ရွေးစင် အသင်းကြီးကဆိုလို့ ဂိုးသမားပြည့်ဖြိုးသူ၊ နောက်ခံလူ သက်ဟိန်းစိုး၊ တောင်ပံတိုက်စစ်မှူး ဟိန်းထက်အောင်နဲ့ ကွင်းလယ်က ဇော်ဝင်းသိန်းတို့ပဲ ပါဝင်တယ်။

အတွေ့အကြုံရှိ ကစားသမားက ဟိန်းထက်အောင်တစ်ဦးပဲရှိပြီး ပြင်ဆင်ချိန်ကလည်း တစ်လလောက်သာရှိခဲ့လို့ မြန်မာအသင်းရဲ့ အခြေအနေကရုန်းကန်ရဖို့ရှိတာပါ။  မြန်မာနည်းပြ ဖက်ချ်တန်ဘိုင်နာကိုယ်တိုင်ကလည်း ဆီးဂိမ်းကစားဖူးတဲ့သူနည်းနည်းသာပါဝင်ပြီး အားလုံးလိုလိုက ပထမဆုံးအကြိမ်ကစားရမဲ့ ဆီးဂိမ်းဆိုတော့ အုပ်စုပွဲတိုင်းမှာ ရလဒ်ကောင်းဖို့ မဖြစ်နိုင်ကြောင်း ဝန်ခံထားတယ်။

မြန်မာအသင်းဟာ ပြီးခဲ့တဲ့ဆီးဂိမ်း ပြိုင်ပွဲ လေးကြိမ်မှာ သုံးကြိမ်ဆီမီးဖိုင်နယ်တက်ခဲ့တာဆိုပေမဲ့ လူအင်အားမဆိုးဘူးလို့ဆိုနိုင်တဲ့ ၂၀၂၂ ဗီယက်နမ် ဆီးဂိမ်းမှာတောင် အုပ်စုကနေထွက်ခဲ့ရတယ်။ အခုနှစ်ပြိုင်ပွဲဝင်လူစာရင်းက  အတွေ့ အကြုံပိုင်းအားနည်းသလို ပြင်ဆင်ချိန်လည်း နည်းပါးခဲ့တာကြောင့် ခါတိုင်းနှစ်တွေထက်ရုန်းကန်ရဖို့က သေချာသလောက်ပါပဲ။ ခြေစွမ်းတိုးတက်လာတဲ့ အိမ်ရှင်ကမ္ဘောဒီးယား၊ ပြီးခဲ့တဲ့ ခြောက်ကြိမ်ဆက် တိုက် ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ အင်ဒိုနီးရှားတို့ကြောင့် အုပ်စုA ကအဓိကပြိုင်ဘက် သုံးသင်းထဲမှာ မြန်မာအသင်းက အုပ်စုတက်ဖို့က အခွင့်အရေးအနည်းဆုံးအသင်းလို့ ဆိုရမှာဖြစ်ပါတယ်။

မြန်မာယူ၂၂ အသင်းရဲ့ အုပ်စုပွဲစဉ်များ

၂-၅ ၂၀၂၃ (မြန်မာအချိန် ၃း၃၀ နာရီ) 

မြန်မာ နှင့် အရှေ့တီမော

၄-၅- ၂၀၂၃ (မြန်မာအချိန် ၃း၃၀ နာရီ) 

အင်ဒိုနီးရှား နှင့် မြန်မာ

၇-၅-၂၀၂၃ (မြန်မာအချိန် ၆း၃၀ နာရီ) ကမ္ဘောဒီးယား နှင့် မြန်မာ

၁၀-၅-၂၀၂၃ (မြန်မာအချိန် ၃း၃၀ နာရီ)

 ဖိလစ်ပိုင် နှင့် မြန်မာ

Photo-MFF

7 days Ago
Up