close

ဆီးရီယား

close

January 23, 2023

ဆီးရီယားမြောက်ပိုင်း၌ လူနေအဆောက်အအုံ ပြိုကျပြီး ၁၃ ဦး သေဆုံး

ဆီးရီးယားနိုင်ငံမြောက်ပိုင်း၊ အလက်ပိုမြို့မှာ ဇန်နဝါရီ ၂၂ ရက်က လူနေအဆောက်အအုံပြိုကျလို့ လူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။ 

အပျက်အစီးတွေအောက်မှာ နစ်မြုပ်နေသေးတယ်လို့ ယူဆရသူတွေကို ကယ်ဆယ်ရေးသမားတွေ က ရှာနေတယ်လို့လည်း ပြောပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့က ရှိတ်ခ်မာဆွတ်ခရိုင်မှာ ငါးထပ်အဆောက်အအုံဟာ အုတ်မြစ်ကို အားနည်းစေတဲ့ ရေယိုစိမ့်မှုကြောင့် ပြိုကျခဲ့တာလို့ အစိုးရတာဝန်ရှိသူတွေကို ကိုးကား ပြီး နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ 

သူပုန်ထိန်းချုပ်မှုအောက်မှာရှိတဲ့ နယ်မြေတွေကို လွန်ခဲ့တဲ့ ခြောက်နှစ်က သူပုန်တွေကို နှင်ထုတ်နိုင်တဲ့အထိ ပြင်းထန်တဲ့ ရုရှားနဲ့ ဆီးရီးယားတို့ရဲ့ လေကြောင်းကနေ ဗုံးကြဲမှုဒဏ်ကို ခံခဲ့ရတဲ့ အလက်ပိုမြို့မှာ မကြာသေး မီနှစ်တွေအတွင်းကလည်း အဆောက်အအုံတွေ ပြိုကျခဲ့ပါတယ်။

အိုးမဲ့အိမ်မဲ့ ဆီးရီးယားနိုင်ငံသား အများအပြားကို ဆယ်စုနှစ်ကျော်ကြာ ပဋိပက္ခအတွင်း ပျက်စီးသွားတဲ့ အဆောက်အအုံတွေဆီ ရွှေ့ပြောင်းခဲ့ရပြီး လူနေရပ်ကွက်တွေကိုလည်း စနစ်တကျ ပြန်မတည်ဆောက်ရသေးတဲ့အပြင် ပြည်နယ်ဝန်ဆောင်မှုတွေ နည်းပါးနေသေးတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သမ္မတ ဘတ်ရှားအယ်လ်အာဆတ်ကို တော်လှန်ပုန်ကန်ခဲ့တဲ့ ခရိုင်တွေမှာ ဝန်ဆောင်မှုတွေကို ဆိုင်းငံ့ထားတယ်လို့ အတိုက်အခံတွေက စွပ်စွဲထားပါတယ်။

စစ်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို ပြန်ပြင်ဖို့ လုပ်ငန်းတော်တော်များများကို ဒေသခံတွေက လုပ်ဆောင်ပြီး ပေးချေနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပြန်လည်ထူထောင်ရေး နှေးကွေးမှုနဲ့ အခက်အခဲတွေအတွက် စစ်ပွဲနဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေအပေါ် ဆီးရီးယားအစိုးရက အပြစ်တင်ထားပါတယ်။ 

စစ်ပွဲတလျှောက် အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ကျန်ရှိနေတဲ့ နေရာတွေနဲ့  ပြန်သိမ်းပိုက်ထားတဲ့ နေရာတွေကို ခွဲခြားဆက်ဆံတယ်ဆိုတဲ့ စွဲချက်ကို အစိုးရက ငြင်းဆိုထားပြီး နယ်မြေအားလုံးမှာ ပုံမှန်ဝန်ဆောင်မှုတွေ ပြန်ရဖို့ လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။ 

9 mins Ago
Up