ကနေဒါအမျိုးသားဘောလုံးအသင်းနဲ့ အမျိုးသမီး လက်ရွေးစင်ကစားသမားတွေဟာ ၂၀၂၂ ခုနှစ်အတွက် ကြားဖြတ်ရန်ပုံငွေ သဘောတူညီချက်ရရှိခဲ့ကြောင်း အားကစားအုပ်ချုပ်ရေးအဖွဲ့က မတ်လ ၂ ရက်မှာ ပြောပါတယ်။
ဒီသဘောတူညီမှုထဲမှာ ကနေဒါအမျိုးသားဘောလုံးအသင်းနဲ့အတူ တပွဲကစားရင် ရရှိမယ့် ဆုကြေးငွေနဲ့ စွမ်းဆောင်ရည်ရလဒ်အပေါ် အခြေခံတဲ့ လျော်ကြေးငွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အပြီးသတ် ညှိနှိုင်းသဘောတူညီချက်ကိုတော့ အပြန်အလှန် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ ကနေဒါဘောလုံးအဖွဲ့ချုပ်နဲ့ အမျိုးသမီး နိုင်ငံလက်ရွေးစင်အသင်းကြားက နောက်ဆုံး သဘောတူစာချုပ်ဟာ ၂၀၂၁ ခုနှစ်မှာ သက်တမ်းကုန်ဆုံးခဲ့တာပါ။
၄ နှစ်တကြိမ်ကျင်းပတဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ကျင်းပဖို့ ရက်ပေါင်း ၁၅၀ အောက်သာ လိုတော့တဲ့ကာလမှာ ဒီလို လုပ်ခလစာဆိုင်ရာ အငြင်းပွားမှုကြောင့် အဖွဲ့ချုပ်နဲ့ အမျိုးသမီးအသင်းကြားမှာ လှုပ်ခတ်မှုရှိခဲ့ပါတယ်။
ဒီ အိုလံပစ်ချန်ပီယံအသင်းဟာ လုပ်ခလစာအပေါ် စိုးရိမ်မှုတွေနဲ့ ဘတ်ဂျက်ပိုမိုထောက်ပံ့ပေးဖို့ သပိတ်မှောက်ခဲ့တဲ့ အစီအစဉ်တွေကြောင့် တရားဥပဒေအရ အရေးယူခံရနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့လည်း ပြီးခဲ့တဲ့လက SheBelieves ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ကစားခဲ့ပါသေးတယ်။
နှစ်စဉ်ကျင်းပလေ့ရှိတဲ့ SheBelieves ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ ကနေဒါအမျိုးသမီးအသင်းက “ဒီလောက်ဆို တော်လောက်ပြီ” လို့ ရေးသားထားတဲ့ ခရမ်းရောင်အင်္ကျီတွေကို ပွဲမစတင်မီ ကွင်းထဲဝင်ရောက်ရာမှာ ဝတ်ဆင်လာခဲ့ကြပါတယ်။
ဒီတပတ်အစောပိုင်းမှာလည်း ကနေဒါဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ နစ်ခ် ဘွန်တီစ်က ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီကိုကျောခိုင်းစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ CDM စစ်သားကို ဆုကြေးငွေထောက်ပံ့ပေးအပ်ခဲ့တယ်လို့ အမိမြေ တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေက ပြောပါတယ်။
အမိမြေ တော်လှန်ရေးတပ်ဖွဲ့ထံ CDM ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားဟာ ဘန့်ဘွေးရွာမ(ဒေသခေါ် ပျူစောထီးရွာ)မှာ တပ်စွဲနေထိုင် တာဝန်ထမ်းဆောင်နေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်ကြီးစာရေး မင်းသူ(ကိုယ်ပိုင်နံပါတ် ၃၄၅၁၇၁) ဖြစ်တယ်လို့ ဆိုပါတယ်။
တပ်ကြပ်ကြီး မင်းသူဟာ စက်တင်ဘာ ၁၀ ရက်နေ့က MA2 လက်နက် ၁ လက်၊ ကျည်ဘောက် ၄ ခုနဲ့ ကျည်ဆန် ၁၁၇ တောင့်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာတာဖြစ်ပြီး ထောက်ပံ့ဆုကြေးငွေ သိန်း ၈၀ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ အမိမြေတပ်ဖွဲ့မှ ရဲဘော်မင်းကိုက ပြောပါတယ်။
‘"ကျနော်တို့မှာ သူ့ကိုထောက်ပံ့ပေးနိုင်ဖို့ ရန်ပုံငွေတပြားမှမရှိသေးဘူး။ အဲဒီကာလမျိုးမှာ ကျနော်တို့ ဘာလုပ်ရလဲဆိုရင် ပြည်သူ့ရင်ခွင်ကိုခိုလှုံလာတဲ့ စစ်သားကောင်းတယောက်ဖြစ်လို့ ထောက်ပံ့ကြေးပေးနိုင်အောင် ကျနော်တို့ရဲဘော်တွေရဲ့ ပစ္စည်းတချို့ကိုပေါင်နှံပြီးတော့ ထောက်ပံ့ကြေးပေးနိုင်အောင် သိန်း ၈၀ ကို စီစဥ်ခဲ့ရတာ။”
တပ်ကြပ်ကြီး မင်းသူဟာ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာတွေ ပြုလုပ်နေတာတွေကို လက်မခံနိုင်တာကြောင့် အခုလို လက်နက်နဲ့အတူ CDM ပြလုပ်လာတာလို့ ဆိုပါတယ်။
အခုတိုက်ပွဲဟာ နောက်ဆုံးပိတ်တိုက်ပွဲဖြစ်တာကြောင့် အသက်ပေးပြီး တော်လှန်သွားမှာဖြစ်ပြီး ပြည်သူ့ရင်ကို ခိုလှုံလာမယ့် စစ်သားကောင်းတွေကို နွေးနွေးထွေထွး ကြိုဆိုမယ်လို့လည်း အမိမြေ ရဲဘော်မင်းကိုက ပြောပါတယ်။