close

ဆုငွေထုတ်

close

April 12, 2023

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တဦးကို ဖမ်းဆီးပေးရန် စစ်ကောင်စီက ဆုငွေထုတ်

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီဝင်တဦးဖြစ်တဲ့ ကိုမင်းလွင်ဦးကို ဖမ်းဆီး၊ သတင်းပေးနိုင်သူကို ဆုကြေးငွေ သိန်းသုံးရာ လက်ငင်းချီးမြှင့်မယ်လို့ စစ်ကောင်စီလက်အောက်ခံ ထားဝယ်ခရိုင် လုံခြုံရေးနှင့် အေးချမ်းတည်ငြိမ်မှုဖော်ဆောင်ရေးအဖွဲ့က ဧပြီ ၁၂ ရက်နေ့မှာ ကြေညာပါတယ်။

လောင်းလုံးမြို့နယ်အတွင်း နယ်မြေအေးချမ်းသာယာမှုကို ထိခိုက်စေတာကြောင့် ဥပဒေနဲ့ အညီ အရေးယူနိုင်စေရန်အတွက် ကူညီဖမ်းဆီးပေးကြဖို့ တိုက်တွန်းထားတဲ့ အဲဒီစာကို လောင်းလုံးမြို့ပေါ်က နေရာတချို့မှာ စစ်ကောင်စီလက်အောက်ခံတပ်တွေက လိုက်ကပ်ထားတာပါ။

ကာယကံရှင် ကိုမင်းလွင်ဦးကတော့ ဘယ်ပြည်သူတွေကမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကူညီပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။

"ပြည်သူတွေနေတဲ့ ရပ်ကွက်တွေမှာ အဲလိုလိုက်ကပ်တာက တော်တော်ကလေးကလားဆန်တာပဲ။ သူတို့ဘက်ကနေပြီး ဘယ်ပြည်သူ၊ ဘယ်အဖွဲ့အစည်းကမှ ဖမ်းပေးမှာမဟုတ်ဘူး​၊ သူတို့ ဖမ်းမမိတာနဲ့ လုပ်မိလုပ်ရာ လျှောက်လုပ်နေတယ်လို့ပဲ ပြောရမယ်။"

စစ်ကောင်စီဘက်ကတော့ ကိုမင်းလွင်ဦးဟာ မသိနားမလည်တဲ့ လူငယ်တွေကို သွေးဆောင်စည်းရုံးပြီး ဆန္ဒပြဆူပူလှုံ့ဆော်နေတာကြောင့် မိဘပြည်သူတွေက သားသမီးတွေအတွက် နေ့စဥ်ပူပင်သောက ရောက်နေကြကြောင်း သူတို့ဆီ တိုင်ကြားလာတယ်လို့ ဆိုပါတယ်။

လောင်းလုံးမြို့နယ်အတွင်း သပိတ်လှုပ်ရှားမှုမှာ ပါဝင်နေသူတချို့ကတော့ သပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်တာဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်လိုတာကြောင့် ယုံကြည်မှုရှိရှိ ပါဝင်နေတာသာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

"မသိနားမလည်ဘဲ သွေးဆောင်ဖြားယောင်းလို့ ပါဝင်နေတယ်ဆိုပြီးပြောတာက တော်လှန်ရေးကို သိက္ခာကျအောင် ပုံဖျက်တာလို့ ထင်တယ်" လို့ သပိတ်မှာ ပါဝင်နေသူတဦးက ပြောပါတယ်။

ကိုမင်းလွင်ဦးကတော့ "ပြည်သူလူထုက တော်လှန်ရေးကို ဘယ်တော့မှ သစ္စာမဖောက်ဘူး၊ ပြည်သူတွေက သူတို့ကိုတိုင်တယ်ဆိုတာက လုံးဝ အဓိပ္ပာယ်မရှိဘူး။ ကျနော်တို့ သပိတ်လှုပ်ရှားမှုတွေ စည်းရုံးရေးတွေ လုပ်တဲ့အခါကျရင် ​တော်လှန်ရေးသီချင်းတွေ ကြားတာနဲ့ ကလေးရော လူကြီးရော အိမ်ထဲကနေ ထွက်ပြေးလာပြီး လက်သုံးချောင်းထောင်ပြကြတာ" လို့ ပြောပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကိုမင်းလွင်ဦးကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် မတ်လအတွင်းက ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပြီး အခုနှစ် မတ်လအတွင်းကလည်း အကြမ်းဖက်ပုဒ်မနဲ့ ဝရမ်းထုတ်ခံခဲ့ရပါတယ်။

ကိုမင်းလွင်ဦးအပါအဝင် ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်တွေဟာ စစ်အာဏာသိမ်းကတည်းက ထားဝယ်ခရိုင်အတွင်း သပိတ်လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့ပြီး လက်ရှိမှာလည်း လောင်းလုံးမြို့နယ်အတွင်း သပိတ်လှုပ်ရှားတာ၊ ပြည်သူတွေကို နိုင်ငံရေးအသိပညာပေးစည်းရုံးတာ၊ စစ်ဘေးရှောင်တွေကို ကူညီတာတွေ လုပ်ဆောင်နေကြပါတယ်။

နယ်မြေအေးချမ်းသာယာမှုကို ထိခိုက်စေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင်သပိတ်ကော်မတီကတော့ လောင်းလုံးမြို့နယ်အတွင်း နေအိမ်တွေကိုမီးရှို့တာ၊ ပြည်သူတွေကို သတ်ဖြတ်တာတွေလုပ်ပြီး နယ်မြေအေးချမ်းမှုကို ဖျက်ဆီးနေတာဟာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာမှာ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ် ၁၇၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံအမျိုးသား ၆ ဦးကိုလည်း ပစ်သတ်ခဲ့ပါတယ်​။

ဒါ့အပြင် မတ် ၁၈ ရက်နေ့ကလည်း ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်တွေ ခိုလှုံနေတဲ့ နေအိမ်တလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့ပါသေးတယ်။

15 mins Ago

March 15, 2022

ရေးဘီးလူးအဖွဲ့ဝင်များကို တွေ့ရှိလျှင် သတင်းပေးရန် စစ်ကောင်စီက ဆုငွေထုတ်

ရေးဘီးလူး အဖွဲ့သားတွေကို တွေ့ရှိသတင်းပေးပါက ဆုချီးမြှင့်မယ့်အကြောင်း မွန်ပြည်နယ်  ရေးမြို့ပေါ်ရှိ လူစည်ကားရာအချက်အချာကျတဲ့ နေရာတွေမှာ စစ်ကောင်စီက ဗွီနိုင်းတွေ လိုက်ချိတ်ပြီး ကြေညာနေတယ်လို့ သိရပါတယ်။

မတ် ၁၄ ရက်နေ့ အသိပေးကြေညာချက်မှာတော့ ရေးဘီးလူး အဖွဲ့သားတွေဟာ အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်နေတာကြောင့် အဆိုပါအဖွဲ့ကို တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းကို သတင်းပေးပို့ကြဖို့ ပါရှိပါတယ်။

ရေးဘီးလူးအဖွဲ့ကို အားပေးကူညီထောက်ပံ့တာ၊   ဆက်သွယ်တာ၊ လူမှုကွန်ရက် စာမျက်နှာကနေ Like & share / comment တွေ ရေးသားပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမှာဖြစ်ပြီး ဖမ်းဆီးရမိပါက သတင်းပေးသူအား ဆုငွေချီးမြှင့်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဆုငွေဘယ်လောက်ဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ရေးဘီးလူးအဖွဲ့ဟာ စစ်ကောင်စီနဲ့ နီးစပ်နေတဲ့ သတင်းပေးလို့ စွပ်စွဲခံထားရတဲ့ တပ်မတော်အငြိမ်းစား ဗိုလ်မှူး ၁ ဦး၊ ကျောင်းဆရာမ ၁ ဦးအပါဝင် အနည်းဆုံး ၃ ဦးထက်မနည်း ရှင်းလင်းထားပါတယ်။

စစ်ကောင်စီက အခုလို ဆုငွေထုတ်ထားတဲ့အပေါ် ရေးဘီးလူးအဖွဲ့ဝင်တဦးက အတားအဆီးပိတ်ဆို့ထားတဲ့ ကြားကနေ ရအောင် စစ်ကောင်စီရဲ့ ဒေါက်တိုင်မှန်သမျှကို ဆက်လက် ချေမှုန်းသွားမယ်လို့ ပြောပါတယ်။

1 year Ago
Up