မန်စီးတီးအသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ ဆုဖလားသုံးလုံးရယူနိုင်ခဲ့မယ်ဆိုရင် ပေါင်သန်း ၃၀၀ နီးပါး အထိ ဆုကြေးရရှိဖို့ရှိနေပါတယ်။
မန်စီးတီးဟာ ပရီးမီးယားလိဂ်လက်ကျန် ၄ ပွဲအလိုမှာ အမှတ်ပေးဇယားကို ဦးဆောင်ထားသလို အက်ဖ်အေဖလားမှာလည်း ဗိုလ်လုပွဲရောက်နေတာပါ။
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာလည်း ရီးရဲလ်အသင်းကို အဝေးကွင်းမှာ တစ်ဂိုးစီသရေကစားနိုင်ခဲ့ပြီး ဗိုလ်လုပွဲတက်ဖို့ ရေပန်းစားနေတာပါ။
ပရီးမီးယားလိဂ်မှာချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ဆုကြေး ပေါင် ၁၆၄ သန်းရရှိမှာဖြစ်ပြီး အက်ဖ်အေဖလားမှာ ချန်ပီယံဖြစ်ခဲ့ရင် ပေါင် ၃ ဒသမ ၉ သန်းရရှိမှာပါ။ ဥရောပချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ခဲ့ရင်တော့ ဆုကြေးပေါင် ၁၁၇ ဒဿမ ၂ သန်း ဝန်းကျင်ရရှိနိုင်တာပါ။
ပြိုင်ပွဲသုံးခုက ဆုကြေးစုစုပေါင်းဟာ ပေါင် ၂၈၅ ဒသမ ၁ သန်းရှိနေပြီး ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကနေလည်း ပေါင်သန်း ၅၀ လောက် ထပ်မံရရှိနိုင်ပါသေးတယ်။
မန်စီးတီးဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာကတည်းက ပေါင် ၆၉ ဒသမ ၆ သန်းဆုကြေးရရှိခဲ့ပြီး ၁၆ သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်မှာလည်း ပေါင် ၂၀ ဒသမ ၃၇ သန်း ကျော်ရရှိခဲ့တာပါ။
ဆီမီးဖိုင်နယ်အဆင့်မှာ ပေါင် ၉ ဒသမ ၆သန်း၊ ဗိုလ်လုပွဲမှာ ပေါင် ၁၇ ဒသမ ၆၃ သန်းကျော်ရရှိမှာဖြစ်လို့ ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ရုံနဲ့ စုစုပေါင်း ပေါင်သန်း ၁၂၀ လောက်ရရှိမှာဖြစ်ပါတယ်။
စပါးအသင်းခေါင်းဆောင် ဟာရီကိန်းဟာ အသင်းနဲ့အတူ ဆုဖလားတစ်လုံး သေချာပေါက်ရယူနိုင်လိမ့်မယ်လို့ အသင်းဥက္ကဋ္ဌလီဗိုင်းက ပြောသွားပါတယ်။
ဟာရီကိန်းဟာအသင်းနဲ့ တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့ပြီး ဆုဖလားလက်မဲ့ဖြစ်နေတဲ့ စပါးအသင်းကနေ ထွက်ခွါနိုင်တယ်လို့ သုံးသပ်ကြတာပါ။
အသင်းဥက္ကဋ္ဌလီဗိုင်းကတော့ ဟာရီကိန်းကို ဆက်လက်ထိန်းသိမ်းလိုနေပြီး အနည်းဆုံးဆုဖလား တလုံးလည်း သေချာပေါက်ရယူနိုင်မှာဖြစ်ကြောင်း ပြောခဲ့တာပါ။
အသင်းဥက္ကဋ္ဌလီဗိုင်းက “ဆုဖလားတစ်လုံးသေချာ ပေါက်ရယူနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက သူကအသင်းရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်တယ်။ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး သူဟာ သမိုင်းသစ်ရေးထိုးနေသူဖြစ်တယ်။ တစ်နေ့မှာ ဟာရီကိန်းရဲ့ရုပ်တုတစ်ခု ကွင်းရဲ့အပြင်ဘက်မှာ ထားရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။
ဟာရီကိန်းကိုခေါ်ယူဖို့ မန်ယူအသင်းက ပစ်မှတ်ထားနေတယ်လို့ သိရပြီး တခြားထိပ်တန်းအသင်းတွေကလည်း စောင့်ကြည့်နေပါတယ်။