ဆူဒန်စစ်တပ်ဟာ သူနဲ့တိုက်ခိုက်နေတဲ့ အရန်တပ်ဖွဲ့ (RSF) က လက်နက်အရင်ချတယ်ဆိုရင် တိုက်ပွဲတွေ ချက်ချင်းရပ်လိုက်ဖို့ ပြင်ဆင်နေကြောင်း အီသီယိုးပီးယားနိုင်ငံဆိုင်ရာ ဆူဒန်သံအမတ်ကြီးက မေလ ၄ ရက် အက်ဒစ်စ်အဘာဘာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မနေ့က ဆူဒန်စစ်တပ်ဟာ ပြင်းထန်တဲ့တိုက်ပွဲတွေအတွင်းမှာပဲ ခါတွန်မြို့လယ်ခေါင်အနီးရှိ RSF အရန်တပ်ဖွဲ့တွေကို ဖယ်ရှားဖို့ ကြိုးပမ်းခဲ့ပြီး အရန်တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးဆီ ပထမခြေလှမ်းကို လှမ်းခြင်းအပေါ် မူတည်ကြောင်း အီသီယိုးပီးယားနိုင်ငံဆိုင်ရာ ဆူဒန်သံအမတ်ကြီး ဒက်ဖှ်ဖှာ အယ်လာအလ်ဟေ့ဂ်က ပြောပါတယ်။
ဒီတိုက်ပွဲကို ဆူဒန်အစိုးရက စတင်ခဲ့တာမဟုတ်ဘဲ တဖက်အဖွဲ့က ပုန်ကန်လို့ လက်နက်ကိုင် တိုက်ပွဲတွေကို ဆင်နွှဲနေတုန်းပဲလို့လည်း ဆိုပါတယ်။
သူတို့က အလျှော့အတင်းလုပ်ဖို့ ဒါမှမဟုတ် စွန့်လွှတ်ဖို့ သဘောတူညီမှုကို မပြခဲ့ကြောင်းနဲ့ လက်နက်ချဖို့ အဆင်သင့်ဖြစ်တဲ့သူကို ခွင့်လွှတ်ပေးဖို့ အခွင့်အရေးရှိသေးတယ် ဆိုတာကို တကြိမ်မက ကြေညာထားကြောင်းလည်း သံအမတ်ကြီးက ပြောပါတယ်။
အီသီယိုးပီးယားနိုင်ငံဆိုင်ရာ ဆူဒန်သံအမတ်ကြီး ဒက်ဖှ်ဖှာအယ်လာအလ်ဟေ့ဂ်ဟာ အဒစ်စ် အဘာဘာမှာ အီသီယိုးပီးယားဝန်ကြီးချုပ်နဲ့ အာဖရိကသမဂ္ဂ ဥက္ကဋ္ဌတို့ကို တွေ့ဆုံခဲ့ကြောင်းနဲ့ မကြာခင်မှာပဲ ဆူဒန်အစိုးရဟာ ဒီပုန်ကန်မှုကို ရပ်တန့်သွားအောင် လုပ်ဆောင်သွားမယ်လို့ သူတို့ကို အာမခံခဲ့ကြောင်း သံအမတ်ကြီးက ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး ကြေညာချက် အများအပြား ထွက်ခဲ့ပေမဲ့ နှစ်ဖက်အဆိုပြုထားတဲ့ ဆွေးနွေးပွဲမတိုင်ခင် မြို့တော် ခါတွန်မှာ နယ်မြေထိန်းချုပ်ရေးအတွက် တိုက်ပွဲဝင်နေပုံရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
နှစ်ပတ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်မှာတော့ နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းဆွေးနွေးကြဖို့ လူထုဆန္ဒ အနည်းငယ်သာ ရှိတယ်လို့ ဆိုပါတယ်။
ဆူဒန်ရဲ့ ပြိုင်ဘက်တပ်မှူးတွေဟာ ဧပြီ ၁၈ ရက် ညနေပိုင်းကစပြီး ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြောင်း စစ်တပ်က ပြောပါတယ်။
မြို့တော် ခါတွန်ကို သိမ်းပိုက်ပြီးနောက်မှာ အမေရိကန် သံတမန်ယာဉ်တန်းကို ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဖိအားပေးခဲ့ပြီးနောက် ဆူဒန်ရဲ့ ပြိုင်ဘက်တပ်မှူးတွေဟာ ၁၆၀၀ ဂရင်းနစ်စံတော်ချိန် ၁၆ နာရီကနေ ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေးဟာ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ စတင်မှာဖြစ်ကြောင်း စစ်တပ်ဘက်က ဗိုလ်ချုပ် ရှမ်စ် အလ်ဒင် ကဘ်ဘာရှီက ပြောပါတယ်။
“ခါတွန်မှာ နေထိုင်သူတွေ ကြုံနေရတဲ့ သွားရေးလာရေး ခက်ခဲမှုနဲ့ ဆေးရုံတွေနဲ့ လျှပ်စစ်မီးနဲ့ ရေလိုတဲ့ တခြားဝန်ဆောင်မှုတွေ ရှားပါးနေတဲ့ လူသားချင်းစာနာမှု အခြေအနေ ဆိုးရွားနေတာကြောင့် ၂၄ နာရီအတွင်းမှာပဲ အပစ်အခတ်ရပ်စဲရေးကို လက်ခံထားတယ်” လို့ စစ်တပ်ဗိုလ်ချုပ် ကဘ်ဘာရှီက အယ်လ် အာရေဘီးယားရုပ်သံမှာ ပြောသွားပါတယ်။
ဟယ်မဒ်ဒီလို့ သိကြတဲ့ RSF ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမဒ် ဟမ်ဒန် ဒါဂါလိုက အရပ်သားတွေနဲ့ ဒဏ်ရာရသူတွေကို ဘေးကင်းကင်း ရွှေ့ပြောင်းသွားလာနိုင်ရေးအတွက် RSF ဟာ ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း သဘောတူညီထားတဲ့ ၂၄ နာရီကြာထက် ကျော်လွန်မှာ မဟုတ်ကြောင်းလည်း သူက ဆိုပါတယ်။
ဧပြီ ၁၈ ရက်မှာ အပစ်အခတ်ရပ်စဲရေး သတ်မှတ်ချိန် မရောက်သေးခင် နာရီပိုင်းအထိ ခါတွန်မြို့တော်ရဲ့ ကောင်းကင်ယံမှာ ဗုံးပေါက်ကွဲမှုတွေနဲ့ သေနတ်သံတွေ ဆူညံနေတုန်းပါပဲ။
ဆူဒန်ရဲ့ စစ်ခေါင်းဆောင်နဲ့ သူ့ရဲ့လက်ထောက်တို့အကြား ၄ ရက်ကြာ ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့ကတည်းက သေနတ်ပစ်ခတ်မှုကနေ ပေါက်ကွဲသံကြီးတွေနဲ့ စစ်လေယာဉ်ပျံအသံတွေအထိ တိုင်းပြည်တဝန်းမှာ ကြုံခဲ့ရတဲ့ အကြမ်းဖက်မှုတွေကနေ မြို့တော်နဲ့ နိုင်ငံတဝန်းရှိ ပြည်သူတွေအတွက် သက်သာရာရစေနိုင်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်မှုမှာ အနည်းဆုံး လူ ၁၈၅ ဦး သေဆုံးပြီး ၁,၈၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ခန့်မှန်းရပါတယ်။
တိုက်ပွဲတွေဟာ ဆယ်စုနှစ်ချီ အာဏာရှင်စနစ်နဲ့ စစ်တပ်ထိန်းချုပ်မှုတွေအပြီး နိုင်ငံတကာက ကျောထောက်နောက်ခံပြုထားတဲ့ အရပ်ဘက်အုပ်ချုပ်ရေး အသွင်ကူးပြောင်းမှုကို မတည်မငြိမ် ဖြစ်စေခဲ့ပါတယ်။